Tuesday, March 18, 2014
ယခင်နှစ်အဆက်ဆက်က တယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များအား မတ်လ (၂၃) ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်
Aung Ko Htet (MM IT Knowledge)
အချို့သော တယ်လီဖုန်းများသည် ယခင်နှစ်အဆက်ဆက်မှ ဖေဖော်ဝါရီလကုန်အထိ တယ်လီဖုန်းခေါ် ဆိုခ ကြေးကျန်များ ပေးသွင်းရန် ကျန်ရှိနေကြောင်း တွေ့ရှိရ သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းသုံးစွဲခဲ့သည့် တယ်လီဖုန်းများအနက် အချို့တယ်လီဖုန်းများသည် ယခင်နှစ်အဆက်ဆက်မှ ၂၈.၂.၂၀၁၄ အထိ တယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များပေးသွင်းရန် ကျန်ရှိနေကြောင်း၊ ယင်းတယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များအား ၂၃.၃.၂၀၁၄ နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာငွေလက်ခံ စခန်းများတွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ “ကြာနေတဲ့အကြွေး ကြွေးဟောင်းတွေဆိုရင်တော့ ရုံးချုပ် (မောင်ထော်လေးလမ်း) မှာပဲ ဆောင်ရမှာဖြစ်ပါတယ်။ ကျန်တဲ့ အွန်လိုင်းဘီလ်တို့ ဘာတို့ကတစ်ဆင့် ဆောင်လို့မရပါဘူး။ ရုံးချုပ်ကတော့ နေ့စဉ်ပိတ်ရက်မရှိ ဖွင့်ပေးသွားမှာပါ။ မတ်လ ၂၃ ရက်နေ့အထိ နောက်ဆုံးထား ဆောင်ရွက်ရမှာပါ” ဟု ရန်ကုန်မြို့ရှိ ဖုန်းခေါ်ဆိုခ ကြွေးကျန်စာရင်းနှင့် ဆက်သွယ်မေးမြန်းစုံစမ်းရန် နေရာမှ မေးမြန်းသိရှိရသည်။
ငွေလက်ခံကောင်တာများကို ပိတ်ရက်မရှိ ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ကြွေးကျန်များ အကြေအလည်ပေးသွင်းပြီးပါက အဆိုပါ တယ်လီဖုန်းများအား ပြည်လည်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။ သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက လိုင်းအပြီးပိတ်သိမ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တယ်လီဖုန်းကြွေးကျန် အသေးစိတ်စာရင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Website (www.mcit.gov.mm) နှင့် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံး၊ တယ်လီဖုန်း အခွန်ဌာနစိတ်များတွင် ကြော်ငြာကပ်ထားမည်ဖြစ်ကြောင်း သိရသည်။
“ဖုန်းဘီလ်သွားစစ်တာ ကြွေးကျန်တွေ ဘာတွေနဲ့ တစ်သိန်းကျော်သွားလို့ မဆောင်ဘဲနဲ့ ဒီအတိုင်း ထားလိုက်တော့တယ်။ အခုဆိုရင် ဖုန်းကိုမသုံးဘဲနဲ့ထားတာ ငါးလကျော် ခြောက်လလောက်ရှိပြီ။ ၂၃ ရက်နေ့မဆောင်ရင် လိုင်းအပြီးပိတ်မယ်ဆိုရင်တော့ ဆောင်ရတော့မှာပေါ့” ဟု 0951 နံပါတ်ဖုန်းကိုင်ဆောင်သူ မဝေဝေက ပြောသည်။ ဘီလ်စနစ်သုံးဖုန်းများကိုလည်း ကြိုတင်ငွေဖြည့်ကတ်သုံးဖုန်းများနည်းတူ ဖုန်းထဲတွင် ငွေလက်ကျန်စစ်သည့်စနစ် ထည့်သွင်းပေးစေလိုကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ “ရုံးမှာ ဖုန်းငွေလက်ကျန်သွားစစ်ရတာ အရမ်းအလုပ်ရှုပ်တယ်။ အချိန်ကုန်တယ်။ ဒီတစ်ခါ ဖုန်းဘီလ်ဆောင်ပြီးရင်တော့ ကြိုတင်ငွေဖြည့်ကတ် စနစ်ကို ပြောင်းဖို့စဉ်းစားထားတယ်” ဟု ဆိုသည်။
တယ်လီဖုန်းကြွေးကျန်ကိစ္စနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလိုပါက ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ သတ်မှတ်ဖုန်းနံပါတ်များတွင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ရန်ကုန်မြို့အနေဖြင့် အော်တိုတယ်လီဖုန်းများ စုံစမ်းရန် ၀၁-၃၇၀၇၀၃၊ ၀၁-၃၇၀၇၀၈၊ ၀၁-၃၇၀၄၁၆ သို့လည်းကောင်း၊ မိုဘိုင်းဖုန်းများစုံစမ်းရန် GSM (၀၁-၂၄၆၂၄၈)၊ CDMA (၀၁-၂၅၄၅၆၃) သို့လည်းကောင်း၊ Email, ADSL, iPstar စုံစမ်းရန် ၀၁-၂၅၆၁၃၉ သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သတ်မှတ်ဖုန်းနံပါတ်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
Ref: ထွန်းထွန်း
0 comments:
Post a Comment