Tuesday, March 18, 2014

စင်္ကာပူနိုင်ငံမှ အိုင်စီတီလုပ်ငန်းများ မြန်မာပြည်ဈေးကွက်သို့ ဝင်ရောက်ရန်ရှိ



Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံအိုင်စီတီဈေးကွက်အတွင်းသို့ စင်္ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများက ဝင်ရောက်ရန် စတင် ပြင်ဆင်နေကြပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။



Infocomm Development Authority of Singapore (IDA) ကုမ္ပဏီအပါအဝင် စင်္ကာပူနိုင်ငံ၏ အခြားသော နည်းပညာဆိုင်ရာကုမ္ပဏီများသည် ပြည်တွင်းအိုင်စီတီကဏ္ဍသို့ ဝင်ရောက်ရန်အတွက် ၂၀၁၄ နှစ်ဆန်းပိုင်းမှ ယခုအချိန်အထိ လေ့လာမှုများ ပြုလျက်ရှိကြောင်း သိရသည်။



အဆိုပါ IDA ကုမ္ပဏီသည် စင်္ကာပူနိုင်ငံရှိ တခြားသော လုပ်ငန်းတူကုမ္ပဏီအချို့ကို ဦးဆောင်ဝင်ရောက်လာရန် စီစဉ်နေသည်ဟု ၎င်းအကြောင်းအရာနှင့် ဆက်စပ်သည့် သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။



“ကျွန်တော်တို့ စင်္ကာပူကုမ္ပဏီတွေအနေနဲ့ မြန်မာအိုင်စီတီကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေအတွက် အကူအညီပေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေအပေါ်မှာ ကျွန်တော်တို့ IDA က ခိုင်ခိုင်မာမာ ယုံကြည်ချက်ရှိပါတယ်။ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာပါ အထောက်အပံ့ဖြစ်စေဖို့အတွက် မြန်မာရဲ့အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်” ဟု IDA ကုမ္ပဏီ၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ Mr. Steve Leonard က ပြောကြားခဲ့သည်။



IDA လုပ်ငန်းစုနှင့်အတူ ပြည်တွင်းသို့ ဝင်ရောက်လာမည့် ကုမ္ပဏီများတွင် ST Electronic (Training and Simulation Pte Ltd)၊ အာရှပစိဖိတ်ဒေသအတွင်း ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်သည့် Payment Solution Provider လုပ်ငန်းစုဖြစ်သည့် 2C2P, Chainworld Communication, Converged Solution နှင့် Data Center များအတွက် Software Solution များ ရေးဆွဲခြင်းလုပ်ငန်းကို လုပ်ကိုင်သည့် ERS Industries Pte Ltd, Singapore Telecommunication Ltd စသည်တို့ ပါဝင်လာနိုင်သည်ဟု ပြည်တွင်းကွန်ပျူတာ လုပ်ငန်းရှင်အချို့က ခန့်မှန်းကြသည်။



ယင်းကုမ္ပဏီများနှင့် အချို့အိုင်စီတီကုမ္ပဏီများသည် ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည် အိုင်စီတီရက်သတ္တပတ်ပြပွဲတွင် ပါဝင်ခဲ့ကြသည်။International Data Corporation (IDC) က ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ၏ အိုင်စီတီဈေးကွက်သည် အမေရိကန်ဒေါ်လာ 110.51 သန်းရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်အရောက်တွင် ကန်ဒေါ်လာ 233.556 သန်းအထိ တိုးတက် လာဖွယ်ရှိနေကြောင်းခန့်မှန်းထားသည်။



လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများနောက်တွင် နိုင်ငံ၏ အိုင်စီတီကဏ္ဍအတွင်းသို့ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများအပြင် အနောက်ဥရောပမှ နိုင်ငံကြီးများပါ စိတ်ဝင်စားလာခြင်းနှင့် ဝင်ရောက်လာခြင်းများ ရှိနေသော်လည်း နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦပိုင်းတွင် အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး၊ အစိုးရဘက်မှ ဆက်သွယ်ရေးကဏ္ဍကို ယခုထက် ပိုမိုအာရုံစိုက်လုပ်ဆောင်သင့်သည်ဟု ကွန်ပျူတာပညာရှင်တချို့က သုံးသပ်ပြောဆိုကြသည်။



Ref: ယုဇနကိုကို

0 comments:

Post a Comment