Monday, March 10, 2014
eYangon ကို ဒေသတွင်းရှိ ဌာနတစ်ဝက်ခန့်သာ စိတ်ဝင်စား
Aung Ko Htet (MM IT Knowledge)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်များကို ဆက်သွယ်ပေးနိုင်ရန် eYangon Web Portal ကို လွှင့်တင်ထားသော်လည်း တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ တစ်ဝက်ခန့်သာ စိတ်ဝင်စားမှုရှိသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လက်အောက်၌ ဌာနဆိုင်ရာပေါင်း ၁၀၀ ခန့်ရှိသော်လည်း ၅၀ ခန့်သာ သတင်းအချက်အလက် ဖြန့်ဝေသည့်အပိုင်း၌ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်ဟု eYangon ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမင်းက ပြောသည်။
eYangon Web Portal ၌ အချို့သော ဌာနဆိုင်ရာများသည် ၎င်းတို့၏ အွန်လိုင်းဝန်ဆောင်မှုများကို ချိတ်ဆက်လုပ်ကိုင် ဆောင်ရွက်ခဲ့သော်လည်း အချို့သော ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက် နိုင်သေးခြင်းမရှိကြောင်း ၎င်းကဆိုသည်။ “စိတ်မဝင်စားတဲ့ ဌာနတွေကတော့ ရှိနေတုန်းပဲ။ အောင်မြင်မှုကလည်း ခြုံပြောရရင် နည်းသေးတယ်” ဟု ဦးမင်းက ပြောသည်။
eYangon စီမံကိန်းသည် လက်ရှိ၌ အောင်မြင်မှုနည်းပါးသော်လည်း ရေရှည်စီမံကိန်းဖြစ်သည့်အလျောက် အချိန်ကြာမြင့်လာသည့်အခါ အောင်မြင်လာမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသူများက ယုံကြည်ကြသည်။
“eYangon ကို ဂျာနယ်တွေထဲမှာ တွေ့လို့ အွန်လိုင်းမှာ ကြည့်ဖြစ်တယ်။ ဒါပေမဲ့ ဌာနတွေရဲ့ သတင်းအချက်အလက်ကို ရတဲ့ဟာက ရတယ်။ မရတဲ့ဌာနက မရဘူး။ အွန်လိုင်းက ဝန်ဆောင်မှုပေးတဲ့ ဌာနကပေးတယ်။ မပေးနိုင်တဲ့ ဌာနတွေက မပေးနိုင်သေးဘူး။ Portal လို့သုံးနှုန်းထားရင်တော့ စုံလင်မှ ကောင်းမယ်တော့ ထင်မိပါတယ်” ဟု အင်တာနက်အသုံးပြုသူ ကိုမျိုးအောင်က သုံးသပ်သည်။
eYangon Portal စီမံကိန်းကို ဦးဆောင်သူများသည် Portal နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ကြပြီး Portal ကို ပြင်ဆင်မှုများပြုလုပ်သွားရန် အစီအစဉ်များ ရေးဆွဲခဲ့ကြသည်။ ဒေသတွင်းပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် Portal ကို ပြင်ဆင်သွားမည်ဟုလည်း ဦးမင်းက ပြောဆိုခဲ့သည်။
“ရန်ကုန်တိုင်းဒေသထဲမှာ ဘယ်နေရာမှာ ဆေးရုံရှိတယ်။ ရဲစခန်းရှိတယ်။ ရထားတွေ ဘယ်အချိန်ထွက်မယ် စတာတွေကိုလည်း သိချင်ကြမှာပဲ။ ဒါမျိုးတွေကို တင်ပေးသွားဖို့ရှိတယ်။ နောက်ပြီး Portal ကိုလည်း တင်ပြတဲ့ပုံစံတွေကအစ ပြင်သွားဖို့ရှိတယ်။ မကြာခင်မှာ ပုံစံအသစ်တွေနဲ့ တင်ပေးသွားဖို့ရှိတယ်” ဟု ဦးမင်းဦးက ပြောဆိုခဲ့သည်။
Ref : မြင့်ကျော်လှိုင်
0 comments:
Post a Comment