Post By Aung Ko Htet ( MM IT Knowledge)
LG အမှတ်တံဆိပ် လေအေးပေးစက် အသစ် များတွင် နည်းပညာ အသစ်တစ်မျိုးစီ ပါဝင်လာမည်ဖြစ်ကြောင်း အဆိုပါ LG Air-con မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။
လက်ရှိဈေးကွက်အတွင်းသို့ LG ၏ Auto Voltage Switcher အမည်ဖြင့် လေအေးပေးစက်သစ် ရောက် ရှိနေပြီး Mosquito Away အမည်ဖြင့်လည်း လေအေးပေးစက် အသစ်တစ်မျိုး မတ်လကုန်တွင် ဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။
LG ၏ လေအေးပေးစက်အသစ်နှစ်မျိုးတွင် ပြည်တွင်းနှင့်ကိုက်ညီမှုရှိသည့် နည်းပညာသစ်များ ပါဝင်လာခြင်းဖြစ်သည်။ Auto Voltage Switcher အမျိုးအစားတွင် လျှပ်စစ်ဓာတ်အား ၁၆၅ ဗို့ မှ ၂၉၀ ဗို့အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ကွန်ပရက်ဆာ ပျက်စီးမှု မရှိစေရန်အတွက်လည်း လျှပ်စစ်ဓာတ်အား အမြင့်ဆုံးအချိန်နှင့် အနိမ့်ဆုံးအချိန်များတွင် အလိုအလျောက် ဖြတ်တောက်ပေးမည် ဖြစ်သည်။ ပြည်တွင်းလေအေးပေးစက်များတွင် တပ်ဆင်သည့် အလိုအလျောက် လျှပ်စစ်ဓာတ်အားဖြတ်တောက်သည့်စက်များ ထပ်မံတပ်ဆင်ရန် မလိုအပ်ဘဲ လေအေးပေးစက်နှင့်တွဲလျက် ပါဝင်လာမည့် အမျိုးအစားတစ်ခု ဖြစ်သည်။
ထို့အပြင် Mosquito Away မော်ဒယ်အမျိုးအစားတွင် ခြင်ပြေးရန်အတွက် သီးသန့် Function တစ်ခု ပါဝင်လာမည် ဖြစ်သည်။ အဆိုပါ လေအေးပေးစက်တွင် သာမန်နားဖြင့် မကြားနိုင်သည့် ကြိမ်နှုန်း 300KHz အသံလှိုင်းဖြင့် ခြင်များ ထွက်ပြေးစေရန် လုပ်ဆောင်ထားမည် ဖြစ်သည်။ လူအန္တရာယ် ထိခိုက်မှုမရှိသည့်အပြင် အခြားခြင်ပြေးစေသည့် ဆေးဖျန်းခြင်း၊ ခြင်နိုင်ဆေးအသုံးပြုခြင်းများထက် ၁၂.၅ ရာခိုင်နှုန်း ပိုမို၍ ခြင်ပြေးစေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မော်ဒယ်သစ်နှစ်မျိုးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်နှင့် ဝယ်ယူလိုပါက LG Showroom နှင့် တစ်ဆင့်ကိုယ်စားလှယ် အရောင်းဆိုင်များ စုံစမ်းကာ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Credit>>> -မိုးသူ
0 comments:
Post a Comment