Thursday, May 8, 2014

နယ်စပ်ဒေသများ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုအတွက် ကမ္ဘာ့ဘဏ်ကူညီရန်ရှိ



Aung Ko Htet (MM IT Knowledge)


မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်စေရန်အတွက် ကမ္ဘာ့ဘဏ်က ထောက်ပံ့မှုအချို့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။



ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာစေရးနှင့် ပြည်တွင်းနေထိုင်သူများ အဆင့်မြင့်ဆက်သွယ်ရေး စနစ်နှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ ကူညီပေးရခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ပြည်တွင်းဆက်သွယ်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးစေရေးကို အဓိကအကူအညီပေးမည့် ကမ္ဘာ့ဘဏ်၏ အစီအစဉ်တွင် နယ်စပ်ဒေသများတွင် နေထိုင်သူများအနေဖြင့် မိုဘိုင်းဖုန်း၊ အင်တာနက်အစရှိသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လက်ရှိအနေအထားထက် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရမည်သည်။



ထို့အပြင် ဆက်သွယ်ရေးဖွံ့ဖြိုးမှု ပိုမိုလိုအပ်သည့် အဆိုပါ နယ်စပ်ဒေသများတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ပိုမိုချဲ့ထွင်မည်ဖြစ်ပြီး ယင်းနှင့်ဆက်စပ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ နယ်စပ်ဒေသများ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးမှုအပြင် eGovernment စနစ်ကို အစိုးရရုံးဌာနများအနေဖြင့် ပိုမိုအသုံးပြုလာနိုင်စေရန်နှင့် ယင်းနှင့်ပတ်သက်သည့် သင်ကြားရေးအစီအစဉ်များကိုပါ ဆောင်ရွက်နိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။



မြန်မာနိုင်ငံ၏ eGovernment လုပ်ငန်းအောင်မြင်ရန်အတွက် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းသည် လုပ်ငန်းသုံးခုကို အဓိကလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူထံမှ သိရသည်။ ယင်းတို့တွင် Data Center များ တည်ဆောက်ခြင်းနှင့် National Gateway များ တည်ဆောက်ပေးခြင်းနှင့် ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်ပြီး တိကျသည့် စံချိန်စံညွှန်းများကို နိုင်ငံတကာကဲ့သို့ သတ်မှတ်ပြဋ္ဌာန်းနိုင်ရန် အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။



ကမ္ဘာ့ဘဏ်မှ အိုင်စီတီနှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင် ပါဝင်သည့် တာဝန်ရှိအဖွဲ့သည် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရန် လိုသေးသည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွက် ဂျပန်၊ အိန္ဒိ၊ နော်ဝေ၊ ကိုရီးယားအစရှိသည့် နိုင်ငံများကလည်း ကူညီမှုများပေးထားကြောင်း သိရသည်။



ref: ယုဇနကိုကို

0 comments:

Post a Comment