Thursday, May 15, 2014
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖုန်းကတ်ပျောက် ကတ်ပျက်များကိုသာ စာတိုက်ကြီးအနီးရှိ ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ပေးဟုသိရ
Aung Ko Htet (MM IT Knowledge)
စာတိုက်ကြီးအနီးရှိ ဗိုလ်အောင်ကျော်လမ်း ဆက်သွယ်ရေးရုံးတွင် တန်ဖိုးနည်းဖုန်း ကတ်ပျောက်ကတ်ပျက်များအတွက် ဆောင်ရွက်ပေးလျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖုန်းများအတွက်သာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဆိုပါရုံးမှသိရှိရသည်။
ကတ်ပျက်၊ ကတ်ပျောက်လျှောက်ထားလျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖုန်းများသာဆောင်ရွက်ကြောင်း၊ နေပြည်တော်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး ဖုန်းများလက်မခံကြောင်း ကြေညာထားသည်။ မှားယွင်းလျှောက်ထားလျှင် လျှောက်ထားသူ၏ တာဝန်သာဖြစ်ကြောင်း ကြေညာထားသည်။ “တချို့ ရန်ကုန်နဲ့နီးတဲ့ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက ဖုန်းတွေလာလျှောက်ကြတာတွေ ရှိတယ်။ အဲဒါတွေက သက်ဆိုင်ရာမြို့မှာပဲ လျှောက်ရတာပါ” ဟု ကတ်ပျက်အတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဟုဆိုသော အကျိုးဆောင်တစ်ဦးက မေလ ၆ ရက်နေ့တွင် ပြောသည်။ ဖုန်းကတ်ပျောက်ကတ်ပျက်အတွက် အကျိုးဆောင်များက သတ်မှတ်နှုန်းထားများဖြင့် ဆောင်ရွက်ပေးနေကြသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်ပအခြားဖုန်းများအတွက်မူ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဆိုသည်။
“ရန်ကုန်က ဖုန်းတွေအတွက်ပဲ ဒီရုံးက ဆောင်ရွက်ပေးတာဆိုတော့ ဒီရုံးကအတိုင်း အကျိုးဆောင်တွေက ဆောင်ရွက်ပေးတာပါ။ ရန်ကုန်အပြင် ဖုန်းတွေကျတော့ လုပ်ပေးဖို့မလွယ်ဘူး” ဟု အမျိုးသမီး အကျိုးဆောင်တစ်ဦးက ပြောသည်။ ဖုန်းကတ်ပျောက် ကတ်ပျက်ကိစ္စရပ်များနှင့် ပတ်သက်၍ ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ခဲ့ဖူးသည်။ ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက GSM/WCDMA (UMTS) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၇၆၊ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများ အတွက် ဖုန်း နံပါတ် ၀၁-၂၁၇၂၁၉ နှင့် ၀၉-၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၆၅၆၉၉၄ နှင့် ၀၁-၆၅၆၉၉၅ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားခဲ့ဖူးသည်။
ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံစီးပွားရေးဌာနများအပြင် တန်ဖိုးနည်းမိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးမန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
ref: ထွန်းထွန်း
0 comments:
Post a Comment