Sunday, May 11, 2014

Game ကပေးတဲ့ အောင်မြင်ရေး သော့ချက်များ

Photo: Game ကပေးတဲ့ အောင်မြင်ရေး သော့ချက်များ
=========================

 ဒီအကြောင်းအရာတွေကို ကွန်ပျူတာက္ကသိုလ် (လှော်ကား) မှာ Master Keys to SUCCESS from playing games ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးခဲ့ဖူးပါတယ်။ ဒီအကြောင်းအရာတွေကို အခြားသော လူငယ်တွေ အတွက်လည်း အကျိုးရှိစေချင်လို့ ဒီဆောင်းပါးကို ရေးလိုက်တာပါ။ ဒီနေ့ခေတ် လူငယ် တော်တော်များများဟာ ကွန်ပျူတာမှာပဲ ဖြစ်ဖြစ်၊ မိုဘိုင်း(လ်)ဖုန်းနဲ့ပဲ ဖြစ်ဖြစ် ဂိမ်းကစားလေ့ရှိ ကြပါတယ်။ ဂိမ်းတွေဟာ လူငယ်တွေသာမက လူကြီးတွေကိုလည်း ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒီဆောင်းပါးဟာ ဂိမ်းကစားဖို့အတွက် အားပေးနေတာတော့ မဟုတ်ပါဘူး။ နေ့စဉ်၊ နေတိုင်းလိုလို ဂိမ်းကစား ဖြစ်ကြတဲ့ အတွက် အဲဒီ ဂိမ်းကစားတာက ကိုယ့်ဘဝအတွက် အကျိုးအမြတ် တစ်ခုခု ရရှိစေချင်လို့ပါ။ 

 အကြမ်းအားဖြင့် ဂိမ်းတွေမှာ စနစ်တကျအစီအစဉ်ချရတဲ့ Strategy Game ၊ လှုပ်ရှားမှုကို အသားပေးတဲ့ Action Game ၊ စဉ်းစားဉာဏ်ကို ဦးစားပေးပြီးကစားရတဲ့ Puzzle Game တွေဆိုပြီး အမျိုးအစား သုံးမျိုး တွေ့ရပါတယ်။ ဘယ်လိုဂိမ်းအမျိုးအစားတွေပဲ ဖြစ်ဖြစ် ကစားတဲ့အခါ တူညီတဲ့ အချက်တစ်ခုက အားရုံစူးစိုက်မှု အားကောင်းရပါတယ်၊ တနည်းပြောရရင်တော့ Concentration Power ကောင်းဖို့လိုပါတယ်။ ဂိမ်းကစားတဲ့သူတွေဟာ ဂိမ်းကစားနေတဲ့အချိန်မှာ အာရုံစူးစိုက်မှု တကယ်ကောင်း ကြပါတယ်၊ ဒါမှလည်းသူတို့ ကစားနေတဲ့ Level ကိုအနိုင်ရဖို့ အထောက်အကူပေးနိုင်မှာပါ။ ဒီအချက်က ဘဝအောင်မြင်ရေးအတွက် အဓိက အရေးကြီးတဲ့ အချက်တစ်ခုပါ။ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ကိုယ်က တစ်သားတည်း ဖြစ်နေတဲ့အထိ အာရုံစူးစိုက်မှု ကောင်းဖို့လိုပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်က စိတ်မဝင်စားဘူး၊ အာရုံမစိုက်ဘူးဆိုရင် အောင်မြင်မှုနဲ့ ဝေးနေပါလိမ့်မယ်။ ကိုယ့်လုပ်နေတဲ့ အလုပ်ကို အာရုံစူးစိုက်နိုင်မှ၊ ဈန်ဝင်စားနေမှ တီထွင်ဖန်တီးမှုတွေနဲ့အတူ အောင်မြင်မှုတွေကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။

 ဂိမ်ကစားတဲ့အခါ နောက်ထပ်အသုံးချရတဲ့ Skill တစ်ခုက Decision Making မှန်ကန်ခြင်းပါ၊ ဆုံးဖြတ်ချက် မှန်ကန်မှသာ ကိုယ်ရင်ဆိုင်နေရတဲ့ Level ကို အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ချက် မှားသွားတာနဲ့  Level က ကျရှုံးသွားပါလိမ့်မယ်။ ဒီအချက်ဟာလည်း ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့ အချက်တစ်ခုပါ။ ကိုယ့်ရဲ့ ဘဝမှာလည်း သာမာန်ကိစ္စတွေမှာ ဆုံးဖြတ်ချက် မှားယွင်းခဲ့ရင် သိပ်မသိသာလှပေမယ့် ဘဝနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ မှားယွင်းခဲ့ရင်တော့ ဘဝနဲ့ရင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာ အောင်မြင်ချင်တဲ့သူတွေဟာ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်ဖို့ အရေးကြီး ပါတယ်။ ဆုံးဖြတ်ချက်မှန်ကန်ရုံနဲ့ မပြီးသေးပါဘူး၊ အဲဒီဆုံးဖြတ်ချက်အတိုင်း မှန်မှန်ကန်ကန် တိကိကျကျ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့လည်း လိုပါသေးတယ်။ စိတ်က ဆုံးဖြတ်လိုက်တာ ဘယ်လောက်ပဲ မှန်ကန်ပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်ချက်ရှိမယ်၊ စိတ်ကဆုံးဖြတ်တဲ့ အတိုင်း လိုက်မလုပ်နိုင်ဘူးဆိုရင် ရလဒ်ကောင်းဖို့ သိပ်တော့ မသေချာလှပါ။ Physical – Mental Process ကိုက်ညီဖို့လိုပါတယ်။ Action Game ကစားတဲ့သူတွေဆို ဒီ skill ရဲ့အရေးပါပုံကို ပိုနားလည်ကြပါလိမ့်မယ်။ စိတ်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်တာ သေချာပေမယ့် တကယ်လိုက်လုပ်တဲ့အခါ မလုပ်နိုင်ဘူးဆိုရင် Level က ချက်ချင်း ကျရှုံးသွားမှာဖြစ်ပါတယ်။ 

 ဒီ Skill ကလည်း ဘဝအောင်မြင်ရေးအတွက် အရမ်းအရေးကြီးတဲ့ အချက်တစ်ခုပါ။ တစ်ခါ တစ်လေ ကိုယ့်ရဲ့ Decision Making မှန်ကန်နေပေမယ့်၊ အကြောင်းအမျိုးမျိုးကြောင့် အကောင် အထည်ဖော် ဆောက်ရွက်တဲ့နေရာမှာ နှောင့်နှေးတာဖြစ်စေ၊ ကြန့်ကြာတာဖြစ်စေ၊ မလုပ်ဖြစ်တာမျိုးဖြစ်စေ အစရှိတဲ့ ကိစ္စတွေဖြစ်နေရင်တော့ အောင်မြင်မှုနဲ့ အလှမ်းဝေးသွားမှာဖြစ်ပါတယ်။ 

 ဂိမ်းကစားတဲ့သူတွေအနေနဲ့ အလွန်အကျွံကစားကြမယ်ဆိုရင် ကိုယ့်ကိုယ်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ခဏတဖြုတ်ပဲဖြစ်ဖြစ်၊ တစ်ခါတစ်လေပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်းလိုလို ဂိမ်းကစား ဖြစ်နေတယ်ဆိုရင် အဲဒီအချိန်တွေထဲက ကိုယ့်အတွက် အကျိုးရှိနိုင်တာတစ်ခုခုတော့ ရအောင်ယူနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အထက်မှာ ပြောခဲ့တဲ့ အချက်သုံးချက်ဖြစ်တဲ့ Concentration Power, Right Decision Making, Physical and Mental Balance စတဲ့ အချက်တွေကို ကိုယ့်ရဲ့ လက်တွေ့ဘဝထဲကို ယူဆောင်ပြီး အသုံးချတတ်မယ်ဆိုရင် ကိုယ့်ဘဝမှာ အောင်မြင်ဖို့ အတွက် အကူအညီပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ဂိမ်းကစားတဲ့အခါ ကစားရုံသက်သက် မဟုတ်ဘဲ ကိုယ့်အတွက်အထောက်အကူပေးနိုင်တဲ့ အချက်တွေကို လက်တွေ့ဘဝထဲမှာ အကောင်းဆုံး အသုံးချနိုင်ဖို့ အရေးကြီး ပါတယ်။

 ကိုယ့်လုပ်နေတဲ့အလုပ်ကို ကိုယ့်ရဲ့စိတ်နဲ့ တစ်သားတည်းဖြစ်အောင် အာရုံစူးစိုက်ပါ။ စိတ်နဲ့ ကိုယ့်ရဲ့အလုပ်နဲ့ တစ်သားတည်းဖြစ်နေပြီဆိုရင် အလုပ်ပေါ်မှာ အချိန်ပြည့်အာရုံစူးစိုက်နေတဲ့အတွက် အလုပ်နဲ့ပတ်သက်တဲ့ အားနည်းချက်၊ အားသာချက်တွေကို မြင်တွေ့လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လို အကောင်းဆုံးလုပ်ကိုင်ရမယ် ဆိုတာကိုလည်း အမြဲတမ်း စဉ်းစားတွေးတောနေတဲ့အတွက် တီထွင်ဖန်တီးမှု စွမ်းရည် (Creative Power) တွေလည်း ရင့်သန်လာမှာဖြစ်ပါတယ်။ ဒီလိုတီထွင်ဖန်တီးမှု စွမ်းရည်တွေ ရင့်သန်လာပြီ ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းမှာ အကောင်းဆုံးဆိုတဲ့ အရည်အသွေးတွေကို တွေ့ရပါလိမ့်မယ်။ ဒါဟာ အောင်မြင်မှုအတွက် ပထမဆုံးခြေလှမ်းတစ်လှမ်းဖြစ်လာနိုင်ပါတယ်။

 ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်အပေါ်မှာ အကောင်းဆုံး ကြိုးစားနေပေမယ့် တစ်ခါတစ်လေ ပြဿနာ တစ်စုံတရာ တွေ့ကြုံလာတတ်ပါတယ်။ အဲဒီလိုပြဿနာတွေတွေ့ကြုံလာတဲ့အခါ အချိန်နဲ့တစ်ပြေးညီ ချက်ချင်းဆုံးဖြတ် ရတာမျိုးတွေရှိသလို၊ အေးအေးဆေးဆေး ဆုံးဖြတ်ရတာတွေလည်း ရှိပါတယ်။ အဲဒီလို အချိန်မျိုးမှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့ကလည်း အင်မတန် အရေးကြီးပါတယ်။ အချိန်နဲ့တပြေးညီ ချက်ချင်း လက်ငင်း ဆုံးဖြတ်ရတဲ့ ကိစ္စမျိုးမှာဆိုရင် မှားယွင်းဖို့ အခွင့်အလမ်း တော်တော်များပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်မှန်ကန်ခြင်း (Right Decision Making) ဖြစ်နိုင်ဖို့အတွက် အလေ့အကျင့် လိုပါတယ်။ ဖြစ်နေတဲ့ ကိစ္စရဲ့ အခြေအနေအပေါ်မူတည်ပြီး ချက်ချင်းဆုံးဖြတ်တတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ဂိမ်းထဲမှာတင် ချန်မထားခဲ့ဘဲ လက်တွေ့ဘဝထဲကို ယူဆောင်လာဖို့ အကြံပေးချင်ပါတယ်။

 ဆုံးဖြတ်ချက်ချတာကတော့ မှန်ကန်ပေမယ့် တကယ်လိုက်မလုပ်နိုင်တဲ့အခါ၊ လိုက်မလုပ် ချင်တဲ့အခါ၊ လိုက်လုပ်ပေမယ့် နောက်ကျနေတဲ့အခါမျိုးမှာလည်း ကိုယ့်ရဲ့လုပ်ငန်းဟာ မအောင်မြင် နိုင်ပါဘူး။ အလုပ်ဆိုတာ လုပ်နေရျုံသက်သက်လောက်နဲ့ အလုပ်လို့မခေါ်နိုင်ပါဘူး၊ ပြီးမြောက်မှ အလုပ်ဖြစ်တာပါ။ ဒါကြောင့် ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်တော့လုပ်နေပါရဲ့ နောက်ကျတာမျိုး၊ အချိန်ဆိုင်းနေတာမျိုးဆိုရင် အောင်မြင်တဲ့ လုပ်ငန်းတစ်ခု မဖြစ်နိုင်ပါဘူး။ ဆုံးဖြတ်ချက်မှန်ကန်ဖို့ အရေးကြီးသလို ဆုံးဖြတ်တဲ့အတိုင်း လုပ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှသာ လူငယ်တွေ အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

“ လူငယ်တိုင်း ဘဝကစားပွဲမှာ တဆင့်ပြီးတဆင့် မြင့်နိုင်ကြပါစေ …. ”
 
အောင်ကိုဦး (UMK)

Aung Ko Htet (MM IT Knowledge)

0 comments:

Post a Comment