Thursday, September 18, 2014

ရှေးခေတ် မြန်မာ့ခေါင်းလောင်းများ



Aung Ko Htet (MM IT Knowledge)

ကြေးသွန်းလုပ်ငန်းသည် ပန်းတဉ်းအတတ်တွင် ပါဝင်ကြောင်းကို ပန်းတိမ်, ပန်းဘဲ, ပန်းပွတ်ဆွဲ, သွန်းမြဲပန်းတဉ်းတတ်-ဟူ၍ ဆိုထားလေသည်။
အထည်ကိုယ်ဒြပ် လေးလံကြီးမားသော ဝတ္ထုပစ္စည်းများကို သွန်းလုပ်ခြင်းသည် ပန်းတဉ်းပညာတရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ ထွန်းကားလာသော အနော်ရထာမင်းလက်ထက်မှစ၍ ကြေးခေါင်းလောင်းများကို သွန်းလုပ်လာခဲ့လေသည်။

ကျန်စစ်သားမင်းလက်ထက်တွင် ထင်ရှားသော ခေါင်းလောင်းကြီးငါးလုံးကို ကြေးစင် ၁၀၀၀-စီဖြင့် သွန်းလုပ်သည်။ ရွှေစည်းခုံဘုရားတွင် သုံးလုံး၊ အာနန္ဒာဘုရားတွင် တလုံး၊ မင်းအိုချမ်းသာဘုရားတွင် တလုံး လှူဒါန်းခဲ့လေသည်။

အလောင်းစည်သူမင်းလည်း ကြေးစင်တိုးလာချိန် တသောင်း (ပိဿာချိန် တသိန်း) စီ ရှိသော ခေါင်းလောင်းကြီး နှစ်လုံးကို ရွှေဂူဘုရားနှင့် သဗ္ဗညုဘုရားများတွင် တလုံးစီလှူဒါန်းခဲ့လေသည်။

ရှေးမြန်မာမင်းအဆက်ဆက်တို့၏ ကုသိုလ်တော်များတွင် ခေါင်းလောင်းကြီးငယ် အရွယ်ရွယ်အစားစားတို့ကို ဘုရားစေတီ ပုထိုးများတွင် လှူဒါန်းတော်မူခဲ့လေသည်။ ဥဿာပဲခူးမွန်ကျောက်စာများနှင့်တကွ ပုဂံကျောက်စာများတွင် တွေ့ရှိရခြင်းအားဖြင့် ရှေးမြန်မာမွန်ဘုရင်များသည် ခေါင်းလောင်းများကို မွန်မြတ်သော ဒါနတခုအဖြစ် လှူဒါန်းခဲ့ကြောင်း သိနိုင်လေသည်။

(ဖျက်ဆီးခြင်းခံရသော ခေါင်းလောင်း)
မွန်ဘုရင်မကြီး ရှင်စောပုကို ဆက်ခံသော ဓမ္မစေတီမင်းသည် ကြေးချိန်ပိဿာ တသိန်းရှစ်သောင်းရှိ၍ အဝ-ရှစ်တောင်၊ ဇောက် ၁၂-တောင်ရှိ ခေါင်းလောင်းကြီးနှင့်တကွ ကြေးချိန်ပိဿာ ၅၀၀-စီရှိသော ခေါင်းလောင်းငယ်တို့ကို တိဂုံဆံတော်ရှင်အား လှူဒါန်းခဲ့သည်။ ပေါ်တူဂီလူမျိုး ငဇင်ကာ သိမ်းယူဖျက်ဆီးသွားသဖြင့် ယခုအခါ မတွေ့နိုင်တော့ပေ။

(ပျောက်ဆုံးနေသော ခေါင်းလောင်း)
အမရပူရမြို့နယ် ရွှေဂွမ်းထုပ်ရပ်ကွက်၊ ဖန်ချက်အရပ်တွင် နဂါးရုံဘုရား-ကိန်းဝပ်တော်မူသည်။ ထိုနဂါးရုံဘုရားတွင် ယခင်က ခေါင်းလောင်းတလုံးရှိသည်။ ထိုဘုရားတွင်ရှိသော ခေါင်းလောင်းတော်၌ စတည်သော ဒါယကာမင်းမှအစ အဆက်ဆက်ပြုပြင်မှု များကို ခေါင်းလောင်းစာဖြင့် မှတ်တမ်းတင်ထားခဲ့သည်ဟု ဆို၏။ မသမာသူများ၏ ခိုးယူဖျက်ဆီးခဲ့မှုကြောင့် ယင်းခေါင်းလောင်းကြီး ပျောက်ဆုံးပျက်စီးသွားခဲ့သဖြင့် သမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်များပါ ဆုံးရှုံရ လေသည်။

( မွန်မြို့စားကြီး၏ ခေါင်းလောင်း)
မွန်တို့ဌာနဖြစ်သော မုတ္တမတောင်ထိပ် ကျိုက်ဖျင်ကူစေတီတော်မှ နိုင်ငံခြားပယောဂ မကင်းသော ပြည်တွင်း သူခိုးကြီးများသည် နိုင်ငံခြားတို့ထံမှ တံစိုးကိုစား၍ ဘုရားမှခေါင်းလောင်းကြီးကို တောင်အောက်သို့ သယ်ချပြီးလျှင် မြစ်တွင်းမှ ခေါင်းလောင်းကြီးကို လှေဖြင့်သယ်ယူရန် ကြိုးပမ်းခဲ့ကြလေသည်။

သို့သော် မြစ်ကမ်းအရောက်တွင် လူအများက မြင်ကြ၍ ခေါင်းလောင်းကြီးကို သူခိုးတို့က ပစ်ပြေးကြသဖြင့် ခေါင်းလောင်းကြီး ကျန်ရစ်သည်။ ထိုခေါင်းလောင်းကြီးကို တောင်ပေါ် ကျိုက်ဖျင်စေတီတော်သို့ ပြန်လည်၍တင်ရန် ခဲယဉ်းလှသည်။ ထို့ကြောင့် မုတ္တမမြစ်ကမ်းရှိ မြသိန်းတန်စေတီတာ်-ရင်ပြင်တွင် ယခုတိုင် မြင်တွေ့နိုင်လေသည်။

ထိုခေါင်းလောင်းကြီး၏ ဒါယကာမှာ ဆင်ဖြူရှင်မင်း ခန့်ထားသော မွန်မြို့စားကြီး လဂန်ဗြိုက်ဖြစ်သည်။ မြို့စားကြီးသည် ဆရာတော်ကြီး မဟာဗိဒျာသီရိသုဒ္ဓဗိဒျာ-၏ စီမံချက်အရ သက္ကရာဇ် ၈၅၅-ခု နတ်တော်လဆုတ် ၁-ရက်၊ တနင်္ဂနွေနေ့တွင် လှူဒါန်းခဲ့သည်ဟု ဗြဟ္မာစာရီမွန်ဗိုလ်ကေ၏ မှတ်တမ်းအရ သိရှိရလေသည်။

(စဥ့်ကူးမင်း ခေါင်းလောင်း)
ရန်ကုန်မြို့ ရွှေတိဂုံဘုရားရင်ပြင်တော် ရာဟုတောင့်တွင်ရှိသည်။ ၁၇၇၈-ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ နှစ်ပေါင်း ၂၀၀-ကျော်ရှိခဲ့ပြီ။ ဗြိတိသျှ ကိုလိုနီတို့က သယ်ယူသွားရာတွင် ရန်ကုန်မြစ်တွင်းသို့ ကျသည်။ ၁၈၂၄-ခုနှစ်တွင် မြန်မာတို့က သယ်ယူထားရသော ခေါင်းလောင်းကြီးဖြစ်လေသည်။

စဥ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၅၅၅၅-ပိဿာရှိသည်။ တန်ချိန် ၂၄-တန်ခန့်လေးသည်။ ပေါင်းကိုင်းမှ ခေါင်းလောင်းအထိ ၁၁-ပေခွဲရှည်သည်။ ကြေးသားအထုမှာ ၁-ပေထုရှိသည်။ ခေါင်းလောင်းနှုတ်ခမ်းဝမှာ ၆-ပေနှင့် ၈-လက်မ ကျယ်သည်။ ခေါင်းလောင်းစာအရ အချင်း ၅-တောင်၊ အရပ် ၇-တောင် နှစ်မိုက်၊ လုံးပတ် ၁၅-တောင်၊ အထု ၂-မိုက်နှင့် ငါးသစ်-ဟူ၍ ပြဆိုထားလေသည်။

ခေါင်းလောင်းကြီးတွင် မြန်မာဘာသာဖြင့် စာ ၁၂-ကြောင်းမျှ ခေါင်းလောင်းစာ ရေးထိုးထားသည်။ ခေါင်းလောင်းစာတွင် ဤတမ္ပကုတ္တ တောင်ထိပ်ရှိ စေတီတော်သို့ ဖူးမြော်ရန်ရောက်လာသူတို့ ကြည်ညိုသဒ္ဓါပွားစိမ့်သောငှါ ဤကမ္ဘာတွင် ရှေးဦးစွာ ပွင့်တော်မူကုန်သော ငါးမာရ်အောင်မြင် ဘုရားသခင် လေးဆူတို့၏ ပဉ္စလောဟာ ရုပ်တုတော်မြတ်လေးဆူကို စေတီတော် လေးမျက်နှာတွင် ဘုံသာရွှေကျောင်းတော်နှင့် တကွ တည်ထား ကောင်းမှုပြုထားကြောင်း ဖော်ပြထားလေသည်။

ထို့နောက်တွင် ဤသို့ သဒ္ဒဒါန ဝတ္ထုပူဇော်ရသော ကောင်းမှုကြောင့် ဒါနစသော ပါရမီကို ဖြည့်စွမ်းဆောင်ရွက်၍ ပညာဓိက သမ္မာသမ္ဗုဒ္ဓ ဂုဏ်ကျေးဇူး အထူးထူးဖြင့် သုံးဦးလူနတ် ပရိသတ်တို့အား တရားတည်းဟူသော အောင်ဆုပေး၍ ချမ်းအေးသုခ နိဗ္ဗာနသို့ တင်ပို့ရသည်ဖြစ်လိုသော ဘဝကြီးငယ် ကျင်လည်သမျှ သုဂတိဘဝ လူမင်းနတ်မင်းအဖြစ်ကိုသာရ၍ နတ်လူသတ္တဝါ ဗြဟ္မာအပေါင်းတို့သည် ချစ်ကြည်အပ်သောအရပ်၌ သာယာသဖြင့် ကျူးရင့်သော ကရဝိက်မင်းအသံကို နှစ်သိမ့်သကဲ့သို့ ကြောက်စေအပ်သောအရာနှိုက် ကုသမင်း၊ ပုဏ္ဏက၊ အာဠာဝကတို့ အသံကဲ့သို့ အလိုရှိရာအရပ်တိုင်း ကြားနံှ့သောအာဏာ၊ သာယာသောအသံနှင့် ပြည့်စုံသည်ဖြစ်လိုသော်ဝ်-ဟူ၍ စဥ့်ကူးမင်းက ဆုတောင်းထားလေသည်။

ထို့ပြင်လည်း မိမိအလိုရှိ တောင့်တသော အကျိုးကို စိတ်ကြံကာမျှနှင့် ပြည့်စုံစေသော၊ အလိုမရှိ မတောင့်တသောအကျိုးကို တရံတဆစ်မျှ မကြုံတွေ့ မမြင်မကြားရသော အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူသောအခါ ဘုရားဗျာဒိတ်ပန်းကို ပန်ရစေသော်-စသည်ဖြင့် ဆုတောင်းထားလေသည်။

မဟာဃဏ္ဍခေါင်းလောင်းကြီးကို လှူဒါန်းရသော အကျိုးကို မယ်တော် ခမည်းတော် ဆင်ဖြူရှင် ဘိုးတော် အလောင်းမင်း တရားကြီးနှင့် ဘွားတော်တို့နှင့်တကွ သားတော် သမီးတော် ဆွေမျိုးမှူးမတ်တို့ အမျှပေးထားသည်။ ထို့နောက် တမ္ပကုတ္တတောင်တော် ပတ်ဝန်းကျင် ဆံတော်ရှင်စေတီတော်အား စောင့်ရှောက်သော နတ်တို့နှင့်တကွ အာကာသစိုး၊ ဘုမ္မစိုး နတ်များနှင့်တကွ သတ္တဝါအားလုံးတို့အား ကုသိုလ်ကောင်းမှု ရစေသတည်း-ဟူ၍ အမျှဝေဆုတောင်းစာ ရေးထိုးထားသည်။ ခေါင်းလောင်းကြီး၏ ပေါင်းကိုင်းတွင် နယားရုပ်များကို သရုပ်ဖော်ထားလေသည်။

( သာယာဝတီမင်း ခေါင်းလောင်း)
ရန်ကုန်မြို့ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်တွင် တည်ရှိသည်။ ၁၈၄၁-ခုနှစ်တွင် သွန်းလုပ်တော်မူသည်။ သာယာဝတီမင်း၏ မဟာတိသဒ္ဒဃဏ္ဍ ခေါင်းလောင်းကြီး၏ အတိုင်းအတာမှာ ခေါင်းလောင်းသက်သက် ၇-ပေအမြင့်ရှိသည်။ အဝအကျယ် ၆-ပေ၊ ၈-လက်မရှိသည်။ နှုတ်ခမ်းသား ၁-ပေထု ရှိလေသည်။
မြန်မာအတိုင်းအတာမှာ ခေါင်းလောင်းရပ် ၉-တောင် ၁-မိုက် ၃-သစ်၊ အချင်း ၅-တောင်၊ လုံးပတ် ၁၅-တောင်၊ ထု ၂-မိုက် လက် ၄-သစ်ဖြစ်သည်။ အလေးချိန်မှာ ပိဿာ ၂၆၀၀၀ ဖြစ်သည်။ တန်ချိန် ၄၂-တန်ခန့်ရှိသည်။ ခေါင်းလောင်းကြီးအထက်ချိတ် နေရာတွင် မနုဿီဟရုပ်များ ဖော်ထားလေသည်။

သာယာဝတီမင်း ခေါင်းလောင်းကြီး၏ ခေါင်းလောင်းစာပါရှိသည်။ ခေါင်းလောင်းစာတွင် ဦးစွာပထမ ဂေါတမမြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို သုမေဓာရသေ့ဘဝမှ စတင်ပြဆိုပြီးနောက် သိဒ္ဓတ္ထမင်းသားဘဝတွင် တောထွက်၍ သစ္စာလေးပါး မြတ်တရားကို အောင်မြင်ပြီး ဝါတော် ၄၅-ဝါအရ၌ ပရိနိဗ္ဗာန်ပြုခဲ့ပုံ။ ဘုရားရှင်သာသနာ ၂၃၈၉-ခုနှစ် (ခရစ်နှစ် ၁၈၃၇) တွင် သာယာဝတီမင်း ထီးနန်ဆက်ခံ၍ တရားနှင့်အညီ မင်းပြုကြောင်းသာသနာတော်ကို ချီးမြှောက်ကြောင်း၊ လယ်ယာကိုင်းကျွန်းမှ ရသောငွေဖြင့် ပရိယတ္တိ၊ ပဋိပတ္တိ စာပေတို့ကို ချီးမြှောက်ကြောင်း၊ ယိုးဒယား သီဟိုဠ်တို့မှ ရဟန်းသံဃာတို့ကို လှူဒါန်းဆည်းကပ်ကြောင်း၊ ရွှေတိဂုံဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပြီးလျှင် ခေါင်းလောင်းကြီး သွန်းလုပ်လှူဒါန်းကြောင်း၊ ထီးဖြူနှင့် ကြာပန်းအိုးများကို လှူကြောင်း၊ ဤကောင်းမှုကြောင့် လူနတ်ဗြဟ္မာတို့ကို ကယ်မနိုင်သော ဘုရားအဖြစ်ကို ဆုတောင်းကြောင်း၊ မိမိပြုလုပ်သော ကုသိုလ်အဖို့ကိုလည်း ဆွေမျိုးမိတ်သင်္ဂဟ၊ ဆရာသမား၊ သမ္မာဒေ၀နတ်များနှင့် အနန္တစကြာဝဠာတွင်းရှိ သတ္တဝါတို့အား ပေးဝေကြောင်း ဖော်ပြပါရှိလေသည်။

( ကမ္ဘာသိ မြန်မာ့ခေါင်းလောင်းကြီး)
စစ်ကိုင်းမြို့၏ အရှေ့မြောက် ၁၆-မိုင်ခန့်အကွာ တည်ရှိသည်။ မန္တလေးမြို့၏တဖက်ကမ်း မြောက်ဘက် ၇-မိုင်ခန့် သမ္ဗန်ဖြင့် ဆန်တက်လျှင် မင်းကွန်းသို့ ရောက်လေသည်။
အံ့ချီးဖွယ်ရာဖြစ်သော မင်းကွန်းခေါင်းလောင်းတော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ် ကဆုန်လဆန်း ၅-ရက်(ခရစ်နှစ် ၁၇၉၀-ပြည့်နှစ်) ဘိုးတော်ဘုရားလက်ထက် ပန်းတဉ်းဝန်နန္ဒကျော်ထင်နှင့် ကြေးသွန်းအမှုထမ်းများ၏ စွမ်းအားဖြင့် မင်းကွန်းစေတီတော်ကြီးအနီးတွင် သွန်းလုပ်လေသည်။

ထိုမင်းကွန်းခေါင်းလောင်းကြီးကို ကြေးညိုနှင့် သွန်းလုပ်သည်။ ရွှေစ၊ ငွေစများကို ခေါင်းလောင်းကြီး၏ ကြေးသားထဲတွင် မြှုပ်ထား သည်။ ကြေးချိန်ပိဿာပေါင်း (၅၅၅၅၅) ထည့်သွင်းရသည်။ ထိုဂဏန်းကို လွယ်ကူစွာမှတ်သားနိုင်ရန် (မင်းဖြူမှန်မှန်ပြော) ဟူသော ဆောင်ပုဒ်တခုကို တီထွင်ခဲ့လေသည်။
ထိုခေါင်းလောင်းကြီးကို သတ္တုပြားဖုံးထားသော သုံးချောင်းပူးရက်မကြီး၌ ဆွဲထားသည်။ ထိုရက်မကြီးသည် ကျွန်းတိုင်ကြီးများကို ငုံ၍ဆောက်ထားသော အုတ်တိုင်နှစ်ခုပေါ်တွင် တင်ရှိထားလေသည်။

ခေါင်းလောင်းကြီးမှာ မလွဲနိုင်တော့ပေ။ ခေါင်းလောင်းကြီးကို ထောက်ထားသည့်တိုင်ကြီးများ မြေငလျင်၏ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသည်။ ခေါင်းလောင်းကြီးအောက်သို့ ပြုတ်၍မကျစေရန် သစ်သားတုံးကြီးများဖြင့် ထောက်ပေးထားရလေသည်။
၁၈၃၈-ခုနှစ် မြေငလျင်ကြောင့် ခေါင်းလောင်းကြီး မြေသို့ကျခဲ့သည်။ အနည်းငယ် နေရာရွေ့ကာ ကြေး ၅-ပိဿာခန့် ပဲ့သွားသည်။ ၁၉၀၄-ခုနှစ်တွင် ဧရာဝတီသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတဦးက မူလသစ်သားရက်မကို သံရက်မနှင့် ပြောင်းလဲတပ်ဆင်ပေးခဲ့လေသည်။

မင်းကွန်းခေါင်းလောင်းကြီး၏ အတိုင်းအတာမှာ အဝအချင်း ၃၁-တောင် ၄-သစ်၊ လုံးပတ် ၃၃-တောင် ၁-မိုက် ၄-သစ်၊ ဇောက် ၁၃-တောင် ၄-သစ်ဖြစ်လေသည်။
ယခုအတိုင်းအတာများနှင့် ရေတွက်သော် အဝအချင်း ၁၆-ပေ ၃-လက်မ၊ လုံးပတ် ၅၀-ပေ ၃-ပိုင်းတပိုင်း လက်မ၊ ဇောက် ၂၀-ပေ ၃-လက်မ၊ အမြင့် ၁၂-ပေ၊ အထူ ၆-လက်မမှ ၁၂-လက်မ ဖြစ်လေသည်။
အလေးချိန် ကြေးအချိန်ပိဿာ ၅၅၅၅၅-ဖြစ်သည်။ ထိုပိဿာချိန်ကို တန်ချိန်ဖွဲ့လျှင် ၉၀-ဒသမ ၅၂-တန် ရလေသည်။

ယခုအခါတွင်မင်းကွန်းခေါင်းလောင်းကြီးကို ရှေးဟောင်းသုတေသနဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသဖြင့် အမိုးပြာသာဒ် သုံးဆင့် တိုင်ပေါင်း (၁၆)တိုင်ရှိ ဘုံဗိမာန်အတွင်းဝယ် ထိုက်တန်စွာ ချိတ်ဆွဲထားရှိသည်။ ကုသိုလ်ရှင်တိုင်း ခေါင်းလောင်းထိုး၍ အမျှဝေနိုင်လေသည်။
မင်းကွန်းခေါင်းလောင်းကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ခေါင်းလောင်းကြီးဖြစ်ရုံသာမက ယခုအခါ ကမ္ဘာတွင် အကြီးဆုံးသောခေါင်းလောင်းကြီး ဖြစ်လေသည်။

( သမိုင်းဝင် မြန်မာခေါင်းလောင်းများ)
မြန်မာ့ကြေးခေါင်းလောင်းကြီးများနှင့် စပ်လျဉ်း၍ ရာဇဝင်သမိုင်းတွင် ထင်ရှားသော မြန်မာမင်းဧကရာဇ်တို့၏ ခေါင်းလောင်းများမှာ များစွာပင်ရှိပါသေးသည်။ မြန်မာနိုင်ငံတွင် ပြည်တော်ပြန် ခေါင်းလောင်းများရှိသကဲ့သို့ ပြည်တော်မှပါသွားသော ခေါင်းလောင်းများလည်း များစွာပင်ရှိသေးသည်။ ဒုတိကမ္ဘာစစ်အတွင်းက ဂျပန်များသည် ခေါင်းလောင်းများကို စစ်သုံးလက်နက်များ ပြုလုပ်ကြလေသည်။

(အသံမြည်သာ ခေါင်းလောင်း)
မြန်မာ့ကြေးသွန်း (ပန်းတဉ်း) ပညာဖြင့် ပြုလုပ်ထားသော ခေါင်းလောင်းများသည် ထူးထူးခြားခြား ကျော်ကြားခဲ့သည်။ မြန်မာ့ခေါင်းလောင်းမှာ ကမ္ဘာကျော်ကြားသည်။ နိုင်ငံတကာမှ နှစ်သက်မြတ်နိုးကြလေသည်။
မြန်မာ့ခေါင်းလောင်း၏ ထူးခြားသော ဝိသေသလက္ခဏာမှာ ပုံသဏ္ဍာန် လှပတင့်တယ်သည်။ အသံမြည်ဟည်းသည်။ အသံသာယာနာပျော်ဖွယ်ရှိသည်။ ကြေးကိုသွန်းစပ်ရာ၌ မြန်မာတို့စပ်နည်းမှာ ပဉ္စလောဟာ-စပ်နည်း ဖြစ်သည်။ ပဉ္စလောဟာမှာ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ခဲ-ဟူသော ငါးမျိုးဖြစ်သည်။ စပ်ဟပ်ရာတွင် အချိန်အတွက် တိကျမှုပညာ လိုအပ်လေသည်။

( ခေါင်းလောင်းနှင့် မြန်မာလူမျိုး)
ခေါင်းလောင်းကို မြန်မာ၊ အင်္ဂလိပ်၊ အမေရိကန်၊ အိန္ဒိယ၊ ရောမ၊ အီဂျစ်၊ တရုတ်စသည်ဖြင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးမှ လူမျိုးအများအပြား အသုံးပြုကြလေသည်။
ကမ္ဘာပေါ်ရှိ လူမျိုးများနှင့် နှိုင်းစာကြည့်လျှင် မြန်မာလူမျိုးသည် ခေါင်းလောင်းကို အများဆုံးအသုံးပြုသည်။ မွန်မွန်မြတ်မြတ်ဖြစ်သော အရာဝတ္ထုပစ္စည်းတရပ်အနေနှင့်လည်း ယုံကြည်ယူဆထားကြလေသည်။

မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊ တန်ဆောင်း၊ ကျောင်းဇရပ်၊ တံခွန်တိုင်၊ ငှက်မြတ်နား စသော အထွတ်အမြတ် နေရာတို့တွင် ချိတ်ဆွဲလှူဒါန်းထားရှိသည်ကိုလည်း တွေ့ရှိနိုင်လေသည်။

(ခေါင်းလောင်းအလှူဒါယကာ)
ရှေးခေတ်အခါက ခေါင်းလောင်းကြီးများ၏ အလှူဒါယကာတို့မှာ ဘုရင်မင်းအစရှိသော ရာထူးရာခံပုဂ္ဂိုလ်ကြီးများ၊ သူဌေးသူကြွယ်များ၊ ရဟန်းသံဃာများသာလျှင် ဖြစ်လေသည်။
ခေါင်းလောင်းအလှူသည် ဘုရား၊ စေတီ၊ ပုထိုး အလှူများကဲ့သို့ သားစဉ်မြေးဆက် မျိုးရိုးအဆက်ဆက်တိုင်အောင် မပျောက်မပျက် တည်တံ့သော အလှူကြီးမျိုးဖြစ်သည်။ အလှူရှင်၏ ဂုဏ်သိန်စေတနာမှာ ကမ္ဘာတည်ရစ်စေသည်ဟုလည်း ယုံကြည်ကြလေသည်။

ထို့ကြောင့်ပင် ခေါင်းလောင်းများကို ပဏိတဒါနအဖြစ် လှူဒါန်းကြသောအခါ ခေါင်းလောင်းစာဖြင့် ဒါယကာ ဒါယိကာမတို့၏ အမည်နာမနှင့် သွန်းလုပ်သော ခုနှစ် ကာလတို့ကို ကမ္ပည်းရေးထိုး လှူဒါန်းလေ့ရှိလေသည်။
ထူးထူးခြားခြား မော်လမြိုင်ကျိုက်သလ္လံတောင်၊ ကျိုက်သလ္လံဘုရား၌ ကျိုက်သလ္လံခေါင်းလောင်းကြီး၏ ထူးခြားချက်မှာ မြန်မာနိုင်ငံတွင် ကျိုက်သလ္လံခေါင်းလောင်းတလုံးသာလျှင် အင်္ဂလိပ်စာနှင့် ကမ္ပည်းထိုးထားလျက်ရှိလေသည်။

အင်္ဂလိပ်စာ၏ အထက်နား၌ ပါဠိဘာသာဖြင့်လည်း ခေါင်းလောင်းစာပါရှိလေရာ ထိုဘာသာနှစ်ရပ်၏ လိုရင်းအဓိပ္ပါယ်မှာ (ကုနံလင်္ဂ အမည်ရသော ရဟန်း၊ ငါသည် ဤခေါင်းလောင်းကြီးကို ကြေးချိန်ပိဿာ ၆၀၀-(ခြောက်ရာ)ဖြင့် သွန်းလုပ်ခဲ့သတည်း။ ဤခေါင်းလောင်းကြီးကို ဖျက်ဆီးသောသူသည် မဟာအဝီစိငရဲမှ မလွတ်ပါစေသတည်း) ဟူ၍ ဖြစ်လေသည်။

(ခေါင်းလောင်းထိုး၍ အမျှဝေသည်)
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ခေါင်းလောင်းလှူဒါန်းသော အကျိုးတရားကို မြတ်နိုးကြခြင်းမှာ ခေါင်းလောင်းသံ-၏ အကျိုးအာနိသင်ကို ကောင်းစွာသိရှိထားခြင်းကြောင့် ဖြစ်လေသည်။
ကျောင်းကန်ဘုရားများတွင် ထားရှိသော ခေါင်းလောင်းတို့မှ မြည်ဟည်းသံကို ကြားသိကြသော ဗုဒ္ဓဘာသာဝင်တို့သည် ကြားသိလိုက်ရသည့် တဒင်္ဂအချိန်လေး၌ပင် ရုတ်ချည်း ဘာသာရေးကို စိတ်ညွတ်လာတတ်လေသည်။

ခေါင်းလောင်းထိုးသံကြောင့် မကောင်းမှု ညစ်ညူးသောစိတ်ဓာတ်များ လွင့်စဉ်သွားတတ်သည်။ ကောင်းမှု ကြည်လင်ချမ်းမြေ့သော စိတ်နှလုံးကိုပွားများ ပေါ်ပေါက်စေသည်။
ခေါင်းလောင်းသံဖြစ်ပေါ်လာအောင် ခေါင်းလောင်းထိုးသူတို့သည် မိမိတို့လှူဒါန်းမှုများ ပြုလုပ်ပြီးစီး၍ ထိုကောင်းမှုကုသိုလ် တရားကို သတ္တဝါအများအား မိမိနည်းတူ ကုသိုလ်ရကြစေလိုသောဆန္ဒ ပုဂ္ဂလိကကုသိုလ်ကို အများကုသိုလ်အဖြစ် မေတ္တာစစ် စေတနာဖြင့် ဖြန့်ဝေလိုက်ခြင်းပင်ဖြစ်လေသည်။

လေနှင့်အတူလွင်ပါလာသော ခေါင်းလောင်းသံသည် နားထဲသို့စိမ့်ဝင်သွားသည့်အခါ အိမ်မှုကိစ္စအဝဝတို့ဖြင့် မအားလပ်သော အိမ်ရှင်မတဦးပင်လျှင် ဘဝင်ခိုက်အောင် သဒ္ဓါစိတ်များပေါ်ပေါက်လာပြီးနောက် သာဓု သာဓု သာဓု သုံးကြိမ်ဖွင့်ထုတ် ခေါ်ဆိုမိတတ်လေသည်။

ထိုမျှအရေးပါ အရာရောက်သော ဗုဒ္ဓသာသနိက ဝတ္ထုပစ္စည်းတရပ်ဖြစ်သည့် ခေါင်းလောင်းကို ဗုဒ္ဓဘာသာဝင်မှန်လျှင် အဘယ်မှာမနှစ်သက်ဘဲ ရှိနိုင်အံ့နည်း။ ရှေးအထက်ကျော်ကာရီမှ မျက်မှောက်ခေတ်ကာလတိုင် ခေါင်းလောင်းထိုး၍ အမျှဝေခြင်း-သည် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာကောင်းတရပ်ပင် ဖြစ်ပေသတည်း။

သုတေသီ မြင့်ထွန်း

0 comments:

Post a Comment