Thursday, April 10, 2014

ဟက်ကသွန်ပြိုင်ပွဲမှ အက်ပလီကေးရှင်းများ ဖြန့်ဝေရန်ရှိ

Photo


Aung Ko Htet (MM IT Knowledge) 
 
ပြည်တွင်းရှိ အရေးကြီးသည့်ကဏ္ဍများကို  အိုင်တီပညာအသုံးချ၍ ၄၈ နာရီအတွင်း အဖြေရှာသည့် Hackathon ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် application များကို  သက်ဆိုင်ရာ NGO များနှင့် ညှိနှိုင်း၍ အများပြည်သူသို့ ဖြန့်ဝေသွားရန်ရှိကြောင်း သတင်းရရှိသည်။
ပြည်တွင်းရှိ NGO အဖွဲ့အစည်းများဖြစ်သည့် MIDO ၊ Proximity Designs ၊ PSI Myanmar ၊ Marie Stopes International နှင့် Yangon Hertiage Trust တို့မှ ကဏ္ဍရှစ်ခုကို ဖြေရှင်းစေခဲ့ရာတွင် ထိုကဏ္ဍများအတွက် ဖန်တီးထားသည့် Application များကို ပြန်လည်အသုံးချနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
‘‘အခုလက်ရှိမှာ PSI နဲ့ ဆွေးနွေးနေတယ်။ ဒါကလည်း Application အတွက်တင်မဟုတ်ဘူး Web Server တင်ပြီး ပျမ်းမျှစာရင်းတွေ၊ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းတွေရော လုပ်သွားဖို့ညှိနှိုင်းနေတာ’’ဟု Hackathon ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာများ သားဆက်ခြားခြင်းများနှင့်ပတ်သက်ပြီး ဗဟုသုတပြန့်ပွားစေရန် အိုင်တီနည်းပညာသုံး၍ ဖြေရှင်းခဲ့သည့် Mind Product အဖွဲ့မှ ကိုဇော်ဇော်မျိုးလွင်က ပြောသည်။
အဆိုပါ ပြဿနာများကို ဖြေရှင်းသည့် Application များ ရေးဆွဲပြီး ဆုရရှိထားသည့် အဖွဲ့များသာမက ဆုမရရှိထားသော အဖွဲ့များမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် NGO များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာကဲ့သို့ ပြည်တွင်းမှ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လိုအပ်နေခြင်းကြောင့် ပြဿနာတစ်ခုအနေဖြင့် တင်ပြခဲ့ပြီး Application ရေးဆွဲထားသည့် Yangon Heritage Trust Hackathon App ကို ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
‘‘Lazy Loaders ဆိုတဲ့အဖွဲ့က Prototype App ကောင်းကောင်းလေးတစ်ခု လုပ်ပေးနိုင်ခဲ့တယ်။ အခုသူတို့အဖွဲ့က ဒါကိုပြီးအောင် ဆက်ကြိုးစားနေတယ်။ ပြည်တွင်းက အိုင်တီပညာရှင်တချို့ကလည်း ကူညီပေးမယ်ပြောတယ်။ အစ်မတို့နဲ့ Hackathon မှာ ကျမှတွေ့တာ။ သူတို့လိုအပ်တဲ့ Info လောက်ပဲပေးတာ။ သူတို့ပဲ ဦးဆောင်တာပါ’’ ဟု ရန်ကုန်မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ အကြီးတန်းဆက်သွယ်ရေးအရာရှိ မရွှေယင်းမာဦးကပြောသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် အဆိုပါပြိုင်ပွဲ၌ ရောဂါဘယနှင့် ပိုးမွှားများကျရောက်ခြင်းတို့ကို တောင်သူလယ်သမားများထံ မိုဘိုင်းနည်းပညာသုံး၍ ဖြေရှင်းသည့် Application ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှုရှိ၍ လွတ်လပ်ပြီး မျှတစေရန် နည်းပညာအသုံးပြု၍ ဖြေရှင်းခြင်း၊ အရေးကြီးသော ပညာပေးဗီဒီယိုဖိုင်များကို နည်းပညာသုံး၍ မြန်မာနိုင်ငံတွင် အသုံးပြုနေသော ဘာသာစကားဖြင့် ဘာသာပြန်ပေးခြင်း အစရှိသည့်ပြဿနာများ ဖြေရှင်းထားပြီး Application များ အသီးသီး ရေးဆွဲထားခြင်း ဖြစ်သည်။

0 comments:

Post a Comment