Aung Ko Htet (MM IT Knowledge)
ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ယခုထက်ပို၍ ဆောင်ရွက်နိုင်ရန်အတွက် ICT Park တစ်ခု ထပ်မံပေါ်ပေါက်လာစေရန်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့
တင်ပြထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း
အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။
‘‘ICT park တစ်ခု ထပ်ပြီးတော့ ပေါ်ပေါက်လာဖို့အတွက် ဆက်သွယ်ရေးဝန်ကြီးကို အကြမ်းအားဖြင့်တော့ တင်ပြထားတယ်။ လိုအပ်တာတွေ တွက်ချက်ပြီးတော့ ပြန်တင်ပြဖို့အတွက်လည်း ညွှန်ကြားထားပါတယ်’’ ဟု ၎င်းကပြောကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်များနယ်မြေ၌ MICT Park ကို ဖွင့်လှစ်ပေးထားပြီး အိုင်တီကုမ္ပဏီပေါင်း ၅၀ ကျော်က ရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး နည်းပညာလေ့လာလိုသည့် ကျောင်းသားများအတွက် သင်တန်းများဖွင့်၍ သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
‘‘အခုရှိနေတဲ့ MICT Park က အိုင်တီကုမ္ပဏီတွေနဲ့ ပြည့်နေပြီ။ တခြားနည်းပညာကုမ္ပဏီတွေ စုစည်းလုပ်ကိုင်နိုင်ဖို့နဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာစေဖို့အတွက် ICT Park ကြီးတွေ ထပ်ပြီးတိုးချဲ့ဖို့ လိုအပ်နေတဲ့အတွက် အစိုးရအဖွဲ့ကို တိုက်တွန်းသွားမှာပါ’’ ဟု ဦးမျိုးမြင့်ထွန်းကပြောသည်။
ICT Park အသစ် တည်ဆောက်နိုင်ရန်အတွက် ရန်ကုန်- ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်မည့်နေရာနှင့် မနီးမဝေးပတ်ဝန်းကျင်၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးအလွယ်တကူရရှိနိုင်မည့်နေရာတွင် ဆောင်ရွက်နိုင်ရန်အတွက် လေ့လာလျက်ရှိပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များသို့ တင်ပြနိုင်ရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment