Powered by Blog - Widget

Tuesday, April 8, 2014

တယ်လီကွန်းကဏ္ဍ ပြုပြင်ပြီးသည့်နောက် အိုင်စီတီကဏ္ဍကို ပြုပြင်ရမည်ဟုဆို



Aung Ko Htet (MM IT Knowledge)


ဆက်သွယ်ရေး ဥပဒေထွက်ရှိလာပြီး တယ်လီကွန်းအခန်းကဏ္ဍကို ပြုပြင်ဆောင်ရွက်ပြီးသည့်နောက် အိုင်စီတီအခန်းကဏ္ဍကို ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်လာသည်ဟု နည်းပညာအသိုင်းအဝိုင်းက ပြောဆိုလာသည်။



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်ကိုယ်တိုင်က Telecom Revolution ပြီးသည့်နောက် ICT Revolution လိုအပ်လာမည်ဟု မတ်လ ၂၂ ရက်နေ့က ပြောဆိုခဲ့သည်။ ထို့ကြောင့် ပြည်တွင်းအိုင်စီတီကဏ္ဍအတွက် eCommerce ဥပဒေ၊ Electronic Transactions ဥပဒေ၊ Cyber Crime ဥပဒေတို့သည် ပြင်ဆင်ခြင်း၊ စတင်ရေးဆွဲခြင်းတို့ ပြုလုပ်ရန်လိုအပ်နေသည်ဟု သိရသည်။



မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့်လည်း အိုင်စီတီနှင့်ပတ်သက်၍ လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ဆောင်နိုင်ရန် မတ်လ ၁၈ ရက်နေ့၌ အမျိုးသားအဆင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ဦးဆောင်ကျင်းပခဲ့သည်။ အိုင်စီတီကို နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီး၌ ပေါင်းစပ်အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံ၏ တယ်လီကွန်းဆက်သွယ်ရေး အခန်းကဏ္ဍကို အော်ပရေတာများ ခန့်အပ်ခြင်း၊ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်းဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။ အလားတူ အိုင်စီတီ၏ အခန်းကဏ္ဍသည်လည်း ဥပဒေများ၊ နည်းဥပဒေများနှင့် အခြေခံ တည်ဆောက်မှုများကို မြှင့်တင်ဆောင်ရွက်ပေးသင့်သည်ဟု နည်းပညာဆွေးနွေးပွဲများမှတစ်ဆင့် သိရသည်။



မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏အဆိုအရ ၁၉၉၆ ခုနှစ် စက်တင်ဘာလမှ စတင်ပြဋ္ဌာန်းခဲ့သည့် ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေကို အိုင်စီတီဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြင်ဆင်သင့်သည်ဟု ပြောဆိုခဲ့သည်။ လက်ရှိအချိန်၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အထက်ပါဥပဒေကို ပြင်ဆင်ရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ကို အကူအညီတောင်းခံထားသည်ဟု သိရသည်။



ပြုပြင်ပြောင်းလဲခဲ့သည့် တယ်လီကွန်းအခန်းကဏ္ဍကို ယခင်က ၁၈၈၅ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည့် ဥပဒေနှင့် လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အစိုးသစ် တက်ရောက်လာသည့် နောက်ပိုင်း ၂၀၁၃ ခုနှစ်မှ စတင်၍ ဆက်သွယ်ရေးဥပဒေအသစ်၊ နည်းဥပဒေအသစ်များနှင့် ပြန်လည်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။



ref: မြင့်ကျော်လှိုင်

0 comments:

Post a Comment