Tuesday, April 1, 2014
မိုဘိုင်းဘဏ်စနစ်ဝန်ဆောင်မှု ဘဏ်အများစု ဆောင်ရွက်လျက်ရှိ
Aung Ko Htet (MM IT Knowledge)
မိုဘိုင်းဘဏ်စနစ်ဝန်ဆောင်မှု ဘဏ်အများစုက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဘဏ်များ၏ တာဝန်ရှိသူများထံမှ သိရသည်။
“လွန်ခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကတည်းက မိုဘိုင်းဘဏ်စနစ်နဲ့ ပတ်သက်လို့ Rules and regulation ထုတ်ထားပြီးပြီ၊ ကျန်တာတွေက အဓိကမဟုတ်တော့ဘူး။ ကျွန်တော်တို့ ဘဏ်ဆိုရင် အချင်းချင်းအပြန်ပြန် အလှန်လှန် သုံးပြီးတဲ့အခါမှ Presentation ပြတယ်။ မိုဘိုင်းဘဏ်စနစ်ကို ဆောင်ရွက်နေတာတော့ ငါးဘဏ်တော့ အနည်းဆုံးရှိလိမ့်မယ်” ဟု သမဝါယမဘဏ်၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးဦးသိန်းမြင့်က ပြောသည်။ ဘဏ်များအနေဖြင့် ဝန်ဆောင်မှုသစ်များပေးရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် မတူသော အခက်အခဲချို့ကို ဖြတ်သန်းရကြောင်း ICT 4M Fourm အခမ်းအနား ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးခြင်းမှ သိရသည်။ မိုဘိုင်းဘဏ်စနစ် ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားပြီး ကိုယ်စားလှယ်များ ခွင့်ပြုရန်မှာ ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ဦးဦးသိန်းမြင့်က ပြောသည်။
“မိုဘိုင်းဘဏ်စနစ် Application ကို ဒေါင်းလုပ်လုပ်ခွင့် ပေးထားပြီ။ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုပေးဖို့အသင့်ပါ။ Application ကို အွန်လိုင်းမှာ ဒေါင်းလုပ်လုပ်တာ အခုဆို နှစ်ထောင်ကျော် သုံးထောင်လောက်ဖြစ်သွားပြီ” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများပေးရာတွင် အခက်အခဲများ တွေ့ကြုံရကြောင်း ဦးရဲမင်းဦးက ဆိုသည်။ “အခက်အခဲ သုံးခုကြုံပါတယ်။ ပထမတစ်ခုက Regulation အရ Regulator က နားမလည်လို့ဘဲ ဖြစ်ဖြစ်၊ သူရဲ့တခြား ဥပဒေအတားအမြစ်တွေ ရှိလို့ပဲဖြစ်ဖြစ် သူ့ရဲ့ခွင့်မပြုပေးနိုင်တဲ့ အခက်အခဲတွေ ကျွန်တော်တို့ကြုံရပါတယ်။ ဒုတိယအခက်အခဲတစ်ခုက Infrastructure ကြောင့် တချို့ဟာတွေကို ကျွန်တော်တို့ ပြင်ချင်တိုင်း ပြင်လို့မရဘဲနဲ့ ရပ်နေတဲ့ကိစ္စမျိုးကို ကျွန်တော်တို့ကြုံရပါတယ်။ တတိယတစ်ခုက လူတွေနဲ့ ဘဏ်တွေကြားထဲမှာ ယုံကြည်မှုက အခုချိန်ထိ အပြည့်မရသေးဘူး။ အပြည့်မရသေးတဲ့အတွက် ဝန်ဆောင်မှုတစ်ခုပေးတိုင်းမှာ လူတွေက ဒီဝန်ဆောင်မှုကို မျက်စိမှိတ်ယုံသုံးဖို့အတွက် တစ်ခါတလေမှာ ငြင်းဆန်နေကြတယ်” ဟု ICT 4M Forum အခမ်းအနား ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံလူဦးရေ၏ ဆယ်ရာခိုင်နှုန်းအောက်သာ ဘဏ်ကို အသုံးချမှုရှိပြီး မိုဘိုင်းဘဏ်စနစ်ကို ဆောင်ရွက်ခွင့် ပြုလိုက်သည်နှင့် မိုဘိုင်းဖုန်းအသုံးပြု၍ရရှိသော နေရာတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဦးဦးသိန်းမြင့်က ပြောသည်။ “မိုဘိုင်းဘဏ်စနစ် ခွင့်ပြုချက်မရဘူး။ ဘာလို့မရလဲ မေးတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ အီလက်ထရောနစ်ပေါ်ကနေ လုပ်တဲ့ Payment တွေအတွက် Regulation သေချာမရေးရသေးပါဘူး။ Regulation ခိုင်ခိုင်မာမာမရှိတဲ့အတွက် ယခုချိန်မှာ ခွင့်ပြုဖို့ စောနေသေးတယ်။ ဒါမျိုးဖြစ်သွားတယ်။ မိုဘိုင်းဘဏ်စနစ်က အဲဒီမှာရပ်နေတယ်” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ICT 4M Forum အခမ်းအနားတွင် ပြောကြားခဲ့ဖူးသည်။
ref: ထွန်းထွန်း
0 comments:
Post a Comment