Powered by Blog - Widget

Tuesday, March 4, 2014

မိခင်နှင့်ကလေး ၊ အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အစီအစဉ်ကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် ဝန်ဆောင်မှုပေးရန် Ooredoo စီစဉ်

Post By Aung Ko Htet ( MM IT Knowledge)
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်မည့် Ooredoo Myanmar Co.,Ltd က မိခင်၊ ကလေးနှင့် အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်သွားမည့် mWomen ဟူသည့် စီမံကိန်းတစ်ခုကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။



မိုဘိုင်းဖုန်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ မိခင်နှင့်ကလေးများ၊ အမျိုးသမီးများ၏ ကျန်းမာရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို အခမဲ့စနစ်ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် Ooredoo Myanmar Co.,Ltd မှ သတင်းထုတ်ပြန်သည်။



ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဆေးရုံ၊ ဆေးခန်းမဟုတ်သည့် ပြင်ပနေရာတွင် မီးဖွားနှုန်းများပြားခြင်း၊ ကလေးသူငယ် အသေအပျောက်နှုန်းနှင့် အာဟာရချို့တဲ့နှုန်းလည်း များပြားနေသည့် အချက်အလက်များကို ၎င်းတို့ ရရှိထားခြင်းကြောင့် ယခုကဲ့သို့ မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဆောင်ရွက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။



Ooredoo အနေဖြင့် မြန်မာနိုင်ငံ၏ မိခင်နှင့်ကလေးများ၊ အမျိုးသမီးများ လိုအပ်သည့် သတင်းအချက်အလက်များကို ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရမဟုတ်သည့် အခြားအဖွဲ့ အစည်းများထံမှ ရယူသွားမည်ဖြစ်ပြီး နည်းပညာဆိုင်ရာလုပ်ဆောင်မှုများအတွက် ပြည်တွင်းမှ ကျွမ်းကျင်သူများ၏ အကူအညီများဖြင့် သတင်းအချက်အလက်များကို တည်ဆောက်သွားမည်ဟု ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သော Mr. Ross Cormack က ပြောသည်။



ကာတာနိုင်ငံအခြေစိုက်သည့် ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံ၏ မိခင်နှင့်ကလေးများ၊ အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် ထိုကဲ့သို့လုပ်ဆောင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် ပရဟိတလုပ်ငန်းတချို့ထံမှ ရန်ပုံငွေများကို ရရှိထားပြီဖြစ်သည်ဟု သိရသည်။



Ooredoo Myanmarက ပြုလုပ်မည့် ယင်းအစီအစဉ်သည် မကြာမီအချိန်အနည်းငယ်အတွင်းတွင်ပင် စတင်တော့မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် နေထိုင်သည့် မိခင်များနှင့် မိခင်မဟုတ်သည့် အမျိုးသမီးများသည် မိမိတို့သိလိုသည့်  ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို Ooredoo Myanmar သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်ဟု ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ထို့အပြင် Oordoo Myanmar မှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနှင့်လည်း မိမိတို့သိလိုသည့် ကျန်းမာရေးဆိုင်ရာအချက်အလက်များအကြောင်းကို တိုက်ရိုက်ဆွေးနွေး မေးမြန်းနိုင်မည်ဟု သိရသည်။



mWomen ဟူသည့် မိခင်နှင့်ကလေးများ၊ အမျိုးသမီးများ၏ ကျန်းမာရေးများကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် စောင့်ရှောက်မှုပေးသည့် နည်းပညာအခြေခံသည့် ယင်းအစီအစဉ်သည် အင်ဒိုနီးရှား၊ အီရတ်၊ အ်လ်ဂျီးရီးယားနှင့် ကာတာနိုင်ငံများတွင် အောင်မြင်နေသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း ရန်ကုန်အခြေစိုက် Ooredoo Myanmar ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။



Credit>>> ယုဇနကိုကို

0 comments:

Post a Comment