Powered by Blog - Widget

Tuesday, April 1, 2014

ADSL စနစ် တပ်ဆင်ထားရှိသည့် မြို့ပေါင်း ၇၂ မြို့ရှိလာ



Aung Ko Htet (MM IT Knowledge)

လက်ရှိတွင် ADSL စနစ်တပ်ဆင်ထားရှိသည့် မြို့ပေါင်း ၇၂ မြို့ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။



နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ မြို့များပါဝင်သည်။ နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ မြို့များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိမြို့များ၊ မန္တလေးတိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိမြို့များ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အနီးတစ်ဝိုက်ရှိ မြို့များ အစရှိသည်ဖြင့် ပါဝင်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  လျှောက်ထားခြင်းကို အွန်လိုင်းမှ ဆောင်ရွက်နိုင်ပြီး www.mcit.gov.mm တွင် ဖောင်ရယူကာ လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ADSL Application Form များ ဒေါင်းလုပ်ပြုလုပ်ကာ လူပုဂ္ဂိုလ်ဆိုပါက မှတ်ပုံတင်မိတ္တူဖြင့် လျှောက်ထားနိုင်မည် ဖြစ်သည်။



ကုမ္ပဏီအဖွဲ့အစည်းများဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီ မှတ်ပုံတင်မိတ္တူ၊ ပုံစံ (၆) ၊ ပုံစံ (၂၆)  မိတ္တူတို့နှင့် ပူးတွဲ၍လျှောက်ထားနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်း ADSL စနစ် တပ်ဆင်အသုံးပြုလိုပါက အင်ဂျင်နီယာချုပ်ရုံး၊ ပြည်ပဆက်သွယ်ရေး အဆောက်အဦ၊ ရှစ်မိုင်တွင် လျှောက်ထားနိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့များတွင် အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း မန်နေဂျာရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။ ADSL ဌာနစိတ်မှ ရုံးချုပ်အခြေစိုက် အော်တိုတယ်လီဖုန်းဌာန၏ သက်ဆိုင်ရာအိတ်ချိန်းများသို့ လျှောက်ထားသည့် တယ်လီဖုန်းနံပါတ် တပ်ဆင်အသုံးပြုထားသည့် အိတ်ချိန်းများအား သိရှိနိုင်ရန် ရုံးစာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း စိစစ်မေးမြန်းကြောင်း သိရသည်။



သက်ဆိုင်ရာအိတ်ချိန်းမှ အဆိုပါ တယ်လီဖုန်းတပ်ဆင်ထားသည့် အိတ်ချိန်းမည်များအား အကြောင်းပြန်ကြားလာပါက ADSL ဌာနစိတ်မှ ယင်းအိတ်ချိန်းများတွင် ADSL စက်ပစ္စည်းများ တပ်ဆင်ထားခြင်းရှိ၊ မရှိနှင့် တယ်လီဖုန်းတပ်ဆင်ထားသည့် အကွာအဝေးသည် ADSL စနစ် တပ်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ ထပ်မံစီစစ်ရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာဌာန (ADSL ဌာနစိတ်) မှ သိရသည်။ တပ်ဆင်ပေးနိုင်ခြင်း (သို့) သတ်မှတ်အကွာအဝေးထက် ကျော်လွန်နေသဖြင့် တပ်ဆင်မပေးနိုင်ခြင်း (သို့) စက်ပစ္စည်းများ တပ်ဆင်ထားခြင်း မရှိသည့်အတွက် ADSL စနစ်များ တပ်ဆင်မပေးနိုင်ခြင်းများကို လျှောက်ထားသူ၏ ဖုန်းနံပါတ်များအတိုင်း အကြောင်းကြားပေးကြောင်း သိရသည်။



ref: ထွန်းထွန်း

0 comments:

Post a Comment