Saturday, March 1, 2014
သမဝါယမဘဏ်က မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ် လျှောက်ထားမှု တစ်ရာကျော်ရှိလာ
Post By Aung Ko Htet ( MM IT Knowledge)
သမဝါယမဘဏ် (CB Bank) မှ မိုဘိုင်းဘဏ်စနစ်အတွက် ကိုယ်စားလှယ်များ ခေါ်ယူထားရာ လျှောက်ထား သူပေါင်း တစ်ရာကျော် ရှိလာကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်ဧရိယာမှ လျှောက်ထားမှုအများဆုံးဖြစ်ကြောင်း သိရသည်။ “လျှောက်ထားတာ တစ်ရာကျော်နေပြီ။ လောလောဆယ်က ရန်ကုန်ဧရိယာက ပိုများပါတယ်” ဟု သမဝါယမဘဏ်၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးဦးသိန်းမြင့်က ပြောသည်။ စတင် အကောင်အထည်ဖော်လိုက်သည့် မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘဏ်အနေဖြင့် အနယ်နယ်အရပ်ရပ်တွင် ကိုယ်စားလှယ်များထားရှိရန် စီစဉ်ထားကြောင်း၊ ဆောင်ရွက်လိုသူများ အနေဖြင့် နီးစပ်ရာ သမဝါယမဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
“အေးဂျင့်လုပ်တာလည်း ဘယ်မှာလုပ်လုပ် ဒီသဘောတရားပါပဲ။ မိုဘိုင်းဖုန်းကို ရန်ကုန်မှာပြောပြော၊ စစ်တွေမှာပြောပြော လိုင်းမိရင် တူတူပါပဲ။ ရွေးတဲ့အခါကျတော့ အေးဂျင့်လုပ်မယ့်သူဟာ လုပ်ငန်း တစ်ခုရှိရမယ်။ ဥပမာ စတိုးဆိုင်လိုဟာမျိုး။ လုပ်ငန်းမရှိရင်မရဘူး။ အဲလို သတ်မှတ်ချက်တွေရှိတယ်။ အေးဂျင့်အများကြီး ခေါ်သွားမယ်” ဟု ဦးဦးသိန်းမြင့်က ဆက်လက်ပြောကြားသည်။ မိုဘိုင်းဘဏ်ဝန်ဆောင်မှုလုပ်ငန်းအား မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိုဘိုင်းဖုန်း အသုံးပြုနိုင်သည့်နေရာများ အားလုံးတွင် အသုံးပြုနိုင်အောင် စီစဉ်ထားခြင်းဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဝန်ဆောင်မှုပေးသူများအား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
မိုဘိုင်းဘဏ်စနစ် အသုံးပြုလိုသူများအနေဖြင့် အကောင့်ဖွင့်ခြင်းအတွက် ဝန်ဆောင်ခ သုံးထောင်ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ငွေကြေးတစ်ကြိမ် လွှဲပို့ပါက ငါးသိန်းကျပ် လွှဲပို့နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ဆယ်သိန်းကျပ်အများဆုံး လွှဲနိုင်မည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ ပြောကြားခဲ့ဖူးသည်။ အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်စားလှယ်များအား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Credit>>> ထွန်းထွန်း
0 comments:
Post a Comment