Powered by Blog - Widget

Monday, May 5, 2014

CDMA 800MHz မိုဘိုင်းအင်တာနက်လိုင်း ပြန်လည်လျှောက်ထားနိုင်ခြင်း မရှိသောကြောင့် သုံးစွဲလိုသူများ အခက်တွေ့



Aung Ko Htet (MM IT Knowledge)


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်ငါးသိန်းဖြင့် ရောင်းချခဲ့သည့် CDMA 800MHz မိုဘိုင်းဖုန်းများကို အင်တာနက်လျှောက်ထားခွင့် ယခုအချိန်အထိ ပြန်လည်ခွင့်ပြုပေးခြင်း မရှိသည့်အတွက် အဆိုပါဖုန်းအမျိုးအစားကို သုံးစွဲသူများ အခက်တွေ့နေကြောင်း စုံစမ်းသိရသည်။



အဆိုပါ စီဒီအမ်အေအမျိုးအစား ဖုန်းများ၏ မိုဘိုင်းအင်တာနက် အသုံးပြုခွင့်ကို ရပ်ဆိုင်းထားခြင်းကို မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုလိုသူများက ပြန်လည်ခွင့်ပြုပေးစေလိုသည်ဟု ရန်ကုန်မြို့တွင်းနေထိုင်သည့် ယင်းဖုန်းအသုံးပြုသူများက ပြောကြားသည်။



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် CDMA 800MHz ဖုန်းများ၏ မိုဘိုင်းအင်တာနက်လိုင်း လျှောက်ထားခွင့်ကို ၂၀၁၂ နှစ်အတွင်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ အရေအတွက်ကို လုံလောက်စေမည့် ဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် လိုအပ်သည့် တာဝါတိုင်များကို ထပ်မံတည်ဆောက်မည်ဖြစ်သည့်အတွက် ယင်းကဲ့သို့ ခေတ္တရပ်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဂျာနယ်များသို့ တရားဝင်ပြောကြားထားခြင်းရှိခဲ့သည်။



“ဒီဖုန်းတွေကို အင်တာနက်တွေ ပြန်ဖွင့်ပေးသင့်ပါပြီ။ လျှောက်ခွင့်မရတော့ ကျွန်မတို့လို ဒီဖုန်းအမျိုးအစား သုံးတဲ့သူတွေ အင်တာနက်ကို ဖုန်းနဲ့မသုံးနိုင်ကြဘူး။ ပြန်ရောင်းဖို့ဆိုတာကလည်း ကိုယ်ကဈေးကြီးပေးပြီး ဝယ်ထားရတဲ့နံပါတ်ဖြစ်လို့ ပြန်မရောင်းချင်ဘူး။ အခုက လူတိုင်းမိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနိုင်နေတဲ့အချိန် ကျွန်မတို့တွေက ဘာမှမသိဘူးလို ဖြစ်နေတယ်” ဟု CDMA 800MHz သုံးစွဲသူ အမျိုးသမီးတစ်ဦးက ဆိုသည်။



အချို့သော CDMA 800MHz မိုဘိုင်းဖုန်းကို အသုံးပြုသူများသည် အင်တာနက်လျှောက်ထားခွင့် မရခြင်းကြောင့် ဂျီအက်စ်အမ် ဖုန်းအမျိုးအစားများကို ပြောင်းလဲအသုံးပြုနေရကြောင်း သိရသည်။



ယခုကဲ့သို့ မိုဘိုင်းအင်တာနက် အသုံးပြုနိုင်ရန်အတွက် လျှောက်ထားခွင့် ရပ်ဆိုင်းထားခြင်းကို ပြန်လည်ခွင့်ပြုပေးရန်ရှိ သော်လည်း မည်သည့်အချိန်တွင် ပြန်လည်လျှောက်ထားနိုင်မည်ကို အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ယင်းလုပ်ငန်းမှ သိရသည်။



အဆိုပါ CDMA မိုဘိုင်းဖုန်းများသည် စတင်ရောင်းချခဲ့သည့် အချိန်မှ တစ်နှစ်အတွင်းတွင်  အင်တာနက် အသုံးပြုခွင့်ကို ပေးခဲ့ခြင်းဖြစ်သည်။ ယင်းဖုန်းများ၏ ဖုန်းခေါ်ဆိုခများသည် တစ်မိနစ်လျှင် ငါးဆယ်ကျပ်ရှိပြီး မိုဘိုင်းအင်တာနက် အသုံးပြုခမှာမူ တစ်မိနစ်လျှင် လေးကျပ်ဖြစ်သည်။ ဂျီအက်စ်အမ်ဖုန်းများ၏ အင်တာနက်အသုံးပြုခထက် ထက်ဝက်တိတိဈေးနှုန်း များပြားသော်လည်း အဆိုပါ စီဒီအမ်အေဖုန်းများ၏ မိုဘိုင်းအင်တာနက် ဆက်သွယ်မှုမြန်နှုန်းများမှာမူ ပိုမိုကောင်းမွန်ခြင်းမရှိဘဲ နေ့စဉ်နှင့်အမျှ ဆိုးရွားစွာ ကျဆင်းနေတတ်သည်။



ref: ယုဇနကိုကို

0 comments:

Post a Comment