Powered by Blog - Widget

Tuesday, March 25, 2014

အစိုးရအနေဖြင့် အိုင်စီတီဇုံများကို တိုင်းပြည်အနှံ့ ထူထောင်ပေးသင့်သည်ဟုဆို



Aung Ko Htet (MM IT Knowledge)


တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အိုင်စီတီဇုံများကို အစိုးရအနေဖြင့် ထူထောင်ပေးသင့်ပြီဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူး ဦးဇော်မင်းဦး ကပြောသည်။



အိုင်စီတီအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိသည့်အတွက် အစိုးရသည် အိုင်စီတီဇုံများကို တိုင်းပြည်အနှံ့ မဖြစ်မနေ ထူထောင်ပေးသင့်သည်ဟု ဦးဇော်မင်းဦးက ပြောဆိုခဲ့သည်။



“အစိုးရ ကိုယ်တိုင်က အိုင်စီတီဇုံတွေကို တိုင်းနဲ့ပြည်နယ်အလိုက် ထူထောင်ပေးရမှာပါ။ ကျွန်တော်တို့က အိုင်စီတီဇုံတွေ ထူထောင်ပါရစေလို့ လိုက်ပြီးပြောနေရမှာမဟုတ်ပါဘူး။ အစိုးရကိုယ်တိုင်က လုပ်ချင်နေရမှာပါ။ ကျွန်တော်တို့က သွားပြီးပြောနေတော့ မြေကြီးတောင်းသလိုဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။



အစိုးရသည် အိုင်စီတီအခန်းကဏ္ဍ တိုးတက်ပြောင်းလဲရန်အတွက် အခြေခံတည်ဆောက်မှုများဖြစ်သည့် အိုင်စီတီဇုံများကို တည်ဆောက်ပေးရမည့်အပြင် ဘဏ္ဍာငွေ ထောက်ပံ့ရေးလုပ်ငန်းစဉ်များကိုလည်း ပြုလုပ်ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု မတ်လ ၁၈ ရက်နေ့၌ ပြုလုပ်သည့် အမျိုးသားအဆင့် အိုင်စီတီဖိုရမ်မှ သိရသည်။



ထို့အပြင် အစိုးရသည် eGovernment လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အကြီးမားဆုံးအသုံးပြုသူဖြစ်သည့်အတွက် အိုင်စီတီကို မဖြစ်မနေအသုံးချရန်လိုအပ်ကြောင်း၊ အလားတူ အိုင်စီတီကဏ္ဍဖွံ့ဖြိုးတက်လာရန်အတွက် လိုအပ်သော အခြေခံတည်ဆောက်ရေး လုပ်ငန်းစဉ်များကိုလည်း အားပေးကူညီသင့်ကြောင်း အိုင်စီတီဖိုရမ်သို့ တက်ရောက်လာသူ ပညာရှင်များက ပြောသည်။ လက်ရှိအချိန်၌ အိုင်တီဇုံဟု ခေါ်ဆိုနေသည် မြန်မာအင်ဖိုတက်ခ်သည် အခြားသော နိုင်ငံများ၌ အိုင်တီကုမ္ပဏီတစ်ခုခန့်သာ အကျယ်အဝန်းရှိကြောင်း၊ အမှန်တကယ် အိုင်စီတီဇုံများကို တည်ထောင်မည်ဆိုပါက အကျယ်အဝန်းဧကများစွာနှင့် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်ကြောင်းသိရသည်။



မြန်မာနိုင်ငံ၌ တယ်လီကွန်းအခန်းကဏ္ဍသည် အပြောင်းအလဲဖြစ်လာသည့်နောက်ပိုင်း အိုင်စီတီ အခန်းကဏ္ဍသည် လိုက်လံပြောင်းလဲရန် လိုအပ်နေကြောင်း ပညာရှင် အသိုင်းအဝိုင်းက ပြောဆိုခဲ့သည်။ အလားတူ အိုင်စီတီကဏ္ဍပြောင်းလဲရန်အတွက် အခြေခံတည်ဆောက်မှုများ လိုအပ်နေပြီး အဆိုပါ တည်ဆောက်မှုများအတွက် အစိုးရ၏ ကူညီထောက်ပံ့မှုနှင့် တွန်းအားပေးမှုများ လိုအပ်နေကြောင်း သိရသည်။



ref: မြင့်ကျော်လှိုင်

Related Posts:

0 comments:

Post a Comment