Powered by Blog - Widget

Monday, April 21, 2014

သိမှတ်စရာ နည်းပညာ အပိုင်း (၃)



Aung Ko Htet (MM IT Knowledge)
 
Manual Transmission
=================

Manual Transmissionစနစ်ကိုတော့ Manual Gearbox, Stick Shift ဒါမှမဟုတ် Standard Transmissionစနစ်ရယ်ဆိုပြီး ခေါ်ဝေါ်လေ့ ရှိပါတယ်။ ဒီစနစ်က ယာဉ်မောင်းအတွက် ဂီယာချက် တစ်ချက်ကနေ နောက်တစ်ချက်ကို ကူးပြောင်းဖို့ရာအတွက် Clutchစနစ်ကို ထည့်သွင်းတည်ဆောက်ထားတာ တွေ့ရပြီး အဆိုပါ Clutchကို ထည့်သွင်းထားရတဲ့ အကြောင်းကတော့ ဂီယာချက် တစ်ချက်ကနေ နောက်တစ်ချက်ကို ကူးပြောင်းတဲ့ အခါမှာ အင်ဂျင်ရဲ့ ရုန်းအားကို ယုတ်လျော့မသွားစေဖို့၊ တစ်နည်းပြောရရင် တန့်မသွားစေဖို့ ရည်ရွယ်ပြီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီလို Clutchရဲ့ အကူအညီနဲ့ပဲ ဂီယာချက်တွေကို တစ်ချက်ကနေ နောက်တစ်ချက်ကို Gearstickလို့ ခေါ်တဲ့ ဂီယာချက် ပြောင်းလဲပေးမယ့် လက်ကိုင်ကနေ ပြောင်းလဲ အသုံးပြုမောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။
အခြေခံကျတဲ့ Manualစနစ်တစ်ခု အတွက် ဂီယာချက် ၅ချက်နဲ့ ၆ချက် စနစ်တွေက ပုံမှန် သဘောမျိုး တည်ဆောက်ပါရှိနေကျဖြစ်ပြီးတော့ အဲဒီထက်ပိုတဲ့ ဂီယာချက် ထည့်သွင်းတည်ဆောက်ထားတဲ့ မော်ဒယ်တွေကတော့ တန်းမြင့် ဒါမှမဟုတ် နောက်ပိုင်းမှာ ထုတ်လုပ်ထားတဲ့ မော်ဒယ်မြင့် ကားတွေ ဖြစ်နိုင်ပါတယ်။ ဒီစနစ်ကတော့ ထူးထူးထွေထွေ ရှင်းပြရလောက်အောင် မရှိပဲ အားလုံးနဲ့လည်း မစိမ်းတဲ့ စနစ်တစ်ခု ဖြစ်မှာ ဖြစ်သလို ဒီစနစ်ရဲ့ အဓိက လုပ်ဆောင်ချက်က ယာဉ်မောင်းက Clutchကို ခြေထောက်နဲ့ နင်းပြီး လက်ကနေ Gearstickကို လိုသလို ပြောင်းလဲ အသုံးပြု မောင်းနှင်ရမှာလည်း ဖြစ်ပါတယ်။ 



ဒီနေရာမှာ တွေ့နေကျ များစွာသော Manualစနစ် ပါဝင်တပ်ဆင်ထားတဲ့ မော်ဒယ်တွေမှာ ယာဉ်မောင်းသူက သူလိုချင်တဲ့ ဂီယာချက်ကို စိတ်ကြိုက် မြင့်၊ နိမ့်ပြီး ပြောင်းလဲ မောင်းနှင်နိုင်မှာ ဖြစ်ပေမယ့် တချို့သော ပြိုင်ကားတွေမှာ ဆိုရင် လက်ရှိရောက်ရှိနေတဲ့ ဂီယာချက်ကနေ အခြား ဂီယာချက်ကို ပြောင်းလဲဖို့ရာ အတွက် စနစ်က ပြောင်းလဲခွင့် ပြုထားတဲ့ ဂီယာချက်ကိုပဲ ပြောင်းလဲ အသုံးပြုနိုင်အောင် ဖန်တီးထားတာ တွေ့ရတတ်ပါတယ်။ ဆိုလိုရင်းကတော့ လက်ရှိ အချိန်မှာ ယာဉ်မောင်းက ဂီယာချက် နံပါတ် ၃နဲ့ မောင်းနှင်နေရာကနေ စနစ်က ဂီယာချက် နံပါတ် ၂နဲ့ ၄ကိုသာ ပြောင်းလဲ မောင်းနှင်ခွင့်ပြုထားတယ်ဆိုရင် ယာဉ်မောင်းသူက လက်ရှိ မောင်းနှင်နေတဲ့ ဂီယာချက် နံပါတ်၃ အပါအ၀င် နောက်ထပ် ဂီယာချက် နံပါတ် ၂နဲ့ ၄၊ စုစုပေါင်း သုံးမျိုးတည်းကိုသာ ပြောင်းလဲ အသုံးပြု မောင်းနှင်နိုင်တာ ဖြစ်ပါတယ်။ အဲဒီလို ဂီယာချက် သတ်မှတ်စနစ် ပါဝင်တဲ့ Transmissionစနစ်ကိုတော့ Sequential Manual Transmissionစနစ်ရယ်ဆိုပြီး ခေါ်ပါတယ်။

တစ်ဆက်တည်းမှာ ကျွန်တော်က Manualစနစ်ရဲ့ အတွင်းပိုင်းမှာ ပါရှိ တပ်ဆင်ထားတဲ့ အဓိက အစိတ်အပိုင်း တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပထမဆုံး ပြောပြချင်တဲ့ အပိုင်းကတော့ Shaftလို့ ခေါ်တဲ့ အပိုင်း ဖြစ်ပြီးတော့ သူ့မှာ ဂီယာချက် အချိုးတွေရဲ့ အစိတ်အပိုင်းတွေနဲ့ အခြား Transmissionစနစ်ရဲ့ အစိတ်အပိုင်းငယ်လေးတွေ တပ်ဆင်ထားပါတယ်။ နောက်ပြီးတော့ များစွာသော နောက်ဘီးယက် စနစ်တွေမှာ ဆိုရင် Shaftသုံးခု ထိအောင် ထည့်သွင်း ပါရှိတာ တွေ့ရပြီး Input Shaft, Countershaftနဲ့ Output Shaftတွေ ဆိုပြီး ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Countershaftကို Layshaftဆိုပြီးတော့လည်း ခေါ်ပါတယ်။ ဒီလိုမျိုး Shaftသုံးမျိုး ပါဝင်တဲ့ စနစ်မှာ Input Shaftနဲ့ Output Shaftတွေက အထိုင် အပိုင်းမှာ တစ်တန်းတည်း တပြေးညီ အထိုင် တည်ဆောက် နောက်ပိုင်းမှာ Manishaftလို့ ခေါ်တဲ့ Single Shaftအဖြစ် ပူးပေါင်းသွားတာ တွေ့နိုင်ပါတယ်။ စနစ်ထဲမှာ ပါဝင်တဲ့ Shaftသုံးမျိုးလုံးရဲ့ လုပ်ငန်းကတော့ ဂီယာချက် တစ်ချက်ကနေ နောက်တစ်ချက် အပြောင်းအလဲတွေ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ 



နောက်ထပ် ပြောရမယ့် အစိတ်အပိုင်းကတော့ Dog Clutchဖြစ်ပြီးတော့ Clutchစနစ်အပိုင်းမှာ ထုတ်လုပ်တဲ့ ကုမဏီ အပေါ် မူတည်ပြီးတော့ ဒီဇိုင်း အမျိုးမျိုး ထားရှိတည်ဆောက်တတ်ပါတယ်။ သူကလည်း ဂီယာချက် တစ်ချက်နဲ့ တစ်ချက်ပြောင်းလဲရာမှာ လည်ပတ်လုပ်ဆောင်ပေးတဲ့ အပိုင်း ဖြစ်ပြီးတော့ အဓိက အနေနဲ့ လည်ပတ်စုံ နှစ်စုံ ပါရှိပါတယ်။ အဲဒီ လည်ပတ်စုံတွေနဲ့ပဲ Clutchက ဂီယာချက် တစ်ချက်ကနေ နောက်တစ်ချက်ကို ကူးပြောင်းပေးဖို့ လုပ်ဆောင်တာ ဖြစ်သလို တစ်ဆက်တည်းမှာပဲ လက်ရှိ ယာဉ်မောင်းသူက ရွေးချယ်မောင်းနှင်နေတဲ့ ဂီယာချက်ကနေ အခြား ဂီယာချက်ကို ပြောင်းလဲ မသွားအောင်၊ တစ်နည်းပြောရရင် ရွေးချယ်ထားတဲ့ ဂီယာချက် အတိုင်း တည်မြဲနေအောင် ထိန်းထားပေးတဲ့ အပိုင်းကိုလည်း လုပ်ဆောင်ပါသေးတယ်။

ကျန်နေသေးတဲ့ အစိတ်အပိုင်းတစ်ခုက Synchromeshအပိုင်း ဖြစ်ပြီးတော့ သူကတော့ ခွေးသွားစိပ်တွေနဲ့ ပုံစံတကျ တည်ဆောက်ထားတဲ့ အရာပါ။ ဒါကြောင့်လည်း သူ့ကို Dog Teethရယ်လို့ ခေါ်သေးသလို သူက Transmissionစနစ်နဲ့ ဂီယာချက် အကြားက အချိတ်အဆက်၊ ကြားခံ အဖြစ် လုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် သူက Gearအပိုင်းနဲ့ လည်ပတ်ပုံချင်း တူညီပေမယ့် သေချာတာက လည်ပတ်နှုန်းကတော့ မတူပါဘူး။ နောက်ပြီး သူ့ရဲ့ နောက်ထပ် အရေးကြီးတဲ့ လုပ်ဆောင်ချက် တစ်ခုက ဂီယာချက် တစ်ချက်ကနေ နောက်တစ်ချက်ပြောင်းတဲ့ အချိန်မှာ အလိုက်သင့် အရှိန်နှုန်းကို အတတ်နိုင်ဆုံး ချိန်ညှိပေးတာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ Synchromeshအပေါ် မူတည်ပြီးတော့ အင်ဂျင်ရဲ့ ထုတ်လုပ်လိုက်တဲ့ စွမ်းအင်နဲ့ ဘီးတွေအပေါ် စွမ်းအင် သက်ရောက်မှုတွေကို ကြားခံ အဖြစ် ဆောက်ရွက်ပေးတာလည်း ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ကားထုတ်လုပ်တဲ့ ကုမဏီရဲ့Synchromeshဖန်တီး တည်ဆောက်တဲ့ နည်းပညာ အပေါ် မူတည်ပြီးတော့ ကားရဲ့ အရှိန်နှုန်း မြှင့်တင်နိုင်မှု၊ မောင်းနှင်ရာမှာ ညင်သာမှုတွေ ကွဲပြားတာလည်း ဖြစ်ပါတယ်။

၁၉၅၀ပြည့်လွန်နှစ်တွေထိအောင် ဥရောပနဲ့ အမေရိကလို နေရာတွေမှာ ထုတ်လုပ်ခဲ့တဲ့ ကားတွေ တော်တော်များများဟာ ဂီယာချက် ၃ချက်နဲ့ ၄ချက်တွေ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ၁၉၆၀ပြည့်နှစ် အရောက်မှာ ၄ချက် ဂီယာတွေ ထုတ်လုပ်လာတာ ဖြစ်သလို ၁၉၇၀ပြည့်နှစ် နောက်ပိုင်းကျမှ ၅ချက် ဆိုပြီး စသဖြင့် တဖြည်းဖြည်း တိုးတက် ဖန်တီးလာတာ ဖြစ်ပါတယ်။ ဒီလိုနဲ့မှ ၁၉၉၀ပြည့်နှစ်တွေမှာ ထုတ်လုပ်လာတဲ့ မော်ဒယ်တွေမှာ ၆ချက် စနစ်တွေ ပါဝင်လာသလို အဲဒီထက်ပိုတဲ့ ဂီယာချက် များများစားစားပါဝင်တဲ့ မော်ဒယ်တွေကတော့ ရှားပါးတယ်။ အလွယ်ဆုံး ဥပမာ ပေးပြီး ပြောရရင် ဈေးကွက်မှာ အောင်မြင်ပြီး လူကြိုက်များတဲ့ ၂၀၀၅ခုနှစ်ထုတ် Bugatti Veryonမှာ ဆိုရင် Semi-Automaticစနစ်နဲ့ ဂီယာချက် ၇ချက်ထိအောင် သုံးနိုင်တာ တွေ့ရသလို ၂၀၁၂ခုနှစ် Porsche 911မော်ဒယ်မှာ ဆိုရင်လည်း Manualစနစ် သက်သက် ဂီယာချက် ၇ချက်ထိအောင် သုံးနိုင်တာလည်း တွေ့ရပါတယ်။

နောက်ဆုံး အနေနဲ့တော့ ကျွန်တော်က Manualစနစ်ရဲ့ အားသာချက်လေးတွေနဲ့ သိကောင်းစရာလေးတွေကို ပြောရင်း နိဂုံးချုပ်ချင်ပါတယ်။ Manualစနစ်ရဲ့ အားသာချက်ကို ပြောရမယ်ဆိုရင် Autoစနစ်တွေထက် စာရင် ဆီစားနှုန်း သက်သာကောင်းမွန်တာ ဖြစ်ပါတယ်။ ဒါပေမယ့် Manualစနစ် ဆိုတိုင်းတော့ ဆီစားနှုန်း မသက်သာပါဘူး။ ကျွန်တော် ဆိုလိုရင်းကတော့ Autoစနစ်ထက် အင်ဂျင်ရဲ့ စွမ်းအင် အသုံးချမှု အပိုင်းကို Manualစနစ်က ကိုယ်တိုင် ထိန်းချုပ်နိုင်တာကြောင့် ပုံမှန်ထက် ဆီစားနှုန်း သက်သာပါတယ်။ ဒါပေမယ့် လွယ်လွယ်ပြောရရင်တော့ မောင်းတတ်မှ သက်သာမှာ ဖြစ်ပြီး သေချာ စနစ်ကျကျ မမောင်းတတ်ရင်တော့ မထူးပါဘူး။ နောက်ထပ် အားသာချက်ကတော့ အရှိန်မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ Manualစနစ်က Autoစနစ်ထက် သာလွန်ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ နောက်ဆုံး ပြောချင်တဲ့ အားသာချက်ကတော့ Manualစနစ်သုံး ကားတွေက Autoစနစ်သုံး ကားတွေထက် ဈေးနှုန်း အပိုင်းလည်း သက်သာ ကောင်းမွန်တာ ဖြစ်သလို ပြင်ဆင်စရိတ်လည်း နည်းပါးတာပဲ ဖြစ်ပါတယ်။

လင်းလင်း (IA)

Related Posts:

0 comments:

Post a Comment