Powered by Blog - Widget

Friday, February 28, 2014

MTI ကုမ္ပဏီ မိုဘိုင်းငွေကြေးလုပ်ငန်း ဆောင်ရွက်ရန်စီစဉ်




Post By Aung Ko Htet (MM IT Knowledge)

နည်းပညာကုမ္ပဏီပေါင်း ရှစ်ဆယ်ကျော်ဖြင့် စတင်ဖွဲ့စည်းထားသော MTI ကုမ္ပဏီက မိုဘိုင်းငွေကြေးလုပ်ငန်း (Mobile Money) ကို ဆောင်ရွက်ရန်စီစဉ် လျက်ရှိကြောင်း ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က ပြောသည်။

အဆိုပါ ဆောင်ရွက်ချက်ကို မြန်မာနိုင်ငံသားများ ဘဏ်နှင့် ပူးပေါင်းကာ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းစနစ် အကောင်အထည်ဖော်ရန်အတွက် လက်ရှိတွင် နည်းပညာဆိုင်ရာ ဆောင်ရွက် ချက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “အဓိကတော့ Mobile Money မှာ မြို့ကနေပြီး ကျေး ရွာတွေကို ငွေလွှဲတာမျိုး၊ မြို့မှာ အလုပ်လုပ်တဲ့သူက နယ်မှာရှိတဲ့သူကို ငွေလွှဲချင်တယ်။ နယ်က မိဘတွေက မြို့မှာကျောင်းတက်တဲ့သူတွေကို ငွေလွှဲချင်တာမျိုးဆိုရင် အလွယ်တကူ လွှဲလို့ရတာပေါ့။ ဘဏ်မလိုတော့ဘူး။ ကိုယ်စားလှယ်တွေဆီကနေ ပိုက်ဆံသွင်းလို့ရတယ်။ ပိုက်ဆံထုတ်လို့ရတယ်။ Bill Payment တွေပေါ့။ အဲဒါတွေပေးလို့ရတယ်” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

အဆိုပါစနစ်ကို လာမည့် သင်္ကြန်ကာလပြီးနောက်ပိုင်း မေလခန့်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Data Center, Technical, Operation ပိုင်းများကို  MTI ဘက်မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်ပိုင်းဆိုင်ရာများကို ဘဏ်ဘက်အပိုင်းမှ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ “အဓိကတော့ ဘဏ်အပိုင်းကတော့ အေးဂျင့်ပိုင်းကို တာဝန်ယူလိမ့်မယ်။ စူပါအေးဂျင့်၊ အေးဂျင့်တွေ သူတို့ သတ်မှတ်ထားတဲ့ Amount ရှိမှာပေါ့။ စူပါအေးဂျင့်ဆိုရင် ဘယ်လောက်ထည့်ရမယ် အဲဒါပေါ့။ Data Center, Technical နဲ့ Operation ရော MTI ဖက်ကနေ တာဝန်ယူတယ်” ဟု ဆိုသည်/

မတ်လအတွင်းတွင် AGM (Annual General Meeting) ဆောင်ရွက်မည်ဖြစ်ပြီး ယင်းနောက် သဘောတူညီချက် ရရှိပါက ရှယ်ယာစတင် ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ရှယ်ယာတန်ဖိုး တစ်သောင်းမှ စတင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “မတ် လ AGM ပြီးသွားရင်တော့ BOD ဆုံးဖြတ်ချက် အရင်လုပ်ရမယ်။ AGM မှာလည်း တခြားရှယ်ယာရှင်တွေ အကုန်လုံးကို မေးကြည့်ပြီး သူတို့ အကုန်လုံး သဘောတူမယ်ဆိုရင်တော့ ကျွန်တော်တို့ရှယ်ယာခေါ်ဖို့ရှိတယ်” ဟု ဆက်လက်ပြောကြားသည်။ MTI ကုမ္ပဏီကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း၊ ပညာရှင်အသင်းမှ ကုမ္ပဏီများ ပါဝင်ကြောင်း၊ အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း

0 comments:

Post a Comment