Powered by Blog - Widget

Thursday, March 20, 2014

အနီးအနား ပတ်ဝန်းကျင် တွင်ရှိသော ပိုးမွှားများ နှင့် ကောင်ပဲသီးနှံ့ရောဂါများ ကျရောက်ခြင်းကို တောင်သူလယ်သမား ဦးကြီးများ သိစေရန် ခေတ်မီဆန်းပြားသော App ကို ပထမရရှိသောအဖွဲ့ အောင်မြင်စွာ တီထွင်နိုင်ခဲ့



Aung Ko Htet (MM IT Knowledge)

၄၈ နာရီကြာ အကြိတ်အနယ်ပြိုင်ပွဲ အပြီးတွင် ၊ မြန်မာနိုင်ငံ ၏ ပထမဦးဆုံးသော “ Hackathon ” ပြိုင်ပွဲကို လွန်ခဲ့သော တနင်္ဂနွေနေ့ ၁၆ရက်နေ့ ညနေ ၆ နာရီတွင် အဆုံးသတ်ခဲ့သည်။ “Code for Change Myanmar” က ဦးဆောင် စီစဉ်သော အဆိုပါ “ Hackathon” ပွဲတွင် မြန်မာနိုင်ငံ ရှိ Developer ၊ ဒီဇိုင်နာ နှင့် စွန့်ဦး တီထွင်သူ အတော်ဆုံး လူငယ်ပညာရှင် စုစုပေါင်း ၇၆ ဦး ကိုစုရုံး ယှဉ်ပြိုင် စေခဲ့သည်။

ပြီးခဲ့ သော သောကြာနေ့ ၊ မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီ တွင် Hackathon ကို စတင်ခဲ့ပြီး အစိုးရ မဟုတ်သော ပရဟိတ အဖွဲ့အစည်း ၆ ခုမှ လက်ရှိ မြန်မာနိုင်ငံ တွင် ရင်ဆိုင်နေကြရသော ပြဿနာ ၈ ခုကို ပါဝင် ယှဉ်ပြိုင်သူ လူငယ်ပညာရှင်များ ကို တင်ပြ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေး ခဲ့ကြသော ပြဿနာများ မှာ မြန်မာအမျိုးသမီးများ မည်သို့ သားဆက်ခြား ခြင်းကို သိရှိနိုင်မည် မှအစပြုပြီး တောင်သူ လယ်သမား ဦးကြီးများ အတွက် ဆည်မြောင်း ရေပေးရေးများ ပိုမိုကောင်းမွန် လွယ်ကူ နိုင်စေရေး တို့ ပါဝင်သည်။

ယင်းနောက်တွင် ပါဝင်ယှဉ်ပြိုင်သူ လူငယ်ပညာရှင်များ ကို အဖွဲ့ ၁၇ ဖွဲ့ အဖြစ် အသီးသီး ဖွဲ့စည်းကြပြီး စနေ ရော တနင်္ဂနွေပါ နှစ်ရက် ဆက်တိုက် ယင်းပြဿနာ များ အတွက် နည်းပညာ အားဖြင့် အဖြေရှာခဲ့ကြသည်။ အဖွဲ့အားလုံး ၄၈ နာရီ မရပ်မနား အလုပ်လုပ်ခဲ့ကြသည်။

တနင်္ဂနွေနေ့ ၊ မတ်လ ၁၆ရက် နေ့တွင် အဖွဲ့တစ်ဖွဲ့ချင်းစီ သည် ၃မိနစ် အတွင်းတွင် မိမိတို့ တီထွင်ထားသော App သို့ အင်တာနက် စာမျက်နှာကို အကဲဖြတ်ဒိုင်အဖွဲ့အား တင်ပြနိုင်ခဲ့ကြသည်။ အကဲ ဖြတ်ဒိုင်အဖွဲ့တွင် ပါဝင်သော ဒိုင်သူကြီးများ သည် မြန်မာနိုင်ငံ ၏ လူမှုပါတ်ဝန်းကျင် တွင် လက်ရှိ ကြုံတွေ့နေကြရသော လူမှုပြဿနာ အခက်အခဲများ ကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ပြီး နည်းပညာအားဖြင့်လည်း အတွေ့အကြုံများစွာ ရှိကြသော သူများ ဖြစ်သည်။

အကဲဖြတ် ဒိုင်များ မှာ -

ဦးသောင်းစုငြိမ်း - Information Matrix ၏ အလုပ်အမှုဆောင် အရာရှိချုပ်
ဒေါ်နှင်းနှင်းပိုင် - ကမ္ဘာ့ဘဏ် ၏ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး ၀ါရင့် အထူးကျွမ်းကျင်သူ
ဒေါ်အေးမြလှိုင် - The SUN Institute ၏ ကျောင်းအုပ်ဆရာမကြီး
Mr. Phil Morle – Pollenizer Global ၏ အလုပ်အမှုဆောင် အရာရှိချုပ်

ဝါရင့် နည်းပညာ ရှင် လည်းဖြစ် စွန့်ဦး တီထွင်သူ စီးပွါးရေး ပညာရှင်လည်း ဖြစ်သော Mr. Phil Morle က တင်ပြ ဆွေးနွေးပုံများ နှင့် လုပ်ပုံလုပ်နည်းများ မှာ အင်မတန် အဆင့်မြင့်ကြောင်း ပြောကြား ခဲ့သည်။ ၄င်းက ဆက်လက် ပြောကြားသည် မှာ “ကျွန်တော် ကမ္ဘာအရပ်ရပ်မှာ Hackathon ပွဲတွေ စီစဉ် ကျင်းပပေးခဲ့တဲ့ ၊ ပါဝင် ယှဉ်ပြိုင်ခဲ့တယ်၊ ဒိုင်အဖြစ်လည်း ပါဝင်ခဲ့တယ် ၊ ဒီပွဲဟာ အကောင်းတကာ့ အကောင်းဆုံးတွေ ထဲက တစ်ခုဖြစ်တယ်။ ဒီ စနေ တနင်္ဂနွေမှာ မြန်မာလူငယ်တွေ အခုလို အောင်အောင်မြင်မြင် လုပ်ပြ နိုင်လိုက်တာကို ကျွန်တော် တော်တော်လေး အံလည်းသြတယ် အင်မတန်လည်း အားရတယ်။ အဲဒါက အနိုင်ရတဲ့ သူတွေတင်မကပဲ အားအင်တွေ အပြည့် အရည်အချင်းတွေ အပြည့်ရှိတဲ့ မြန်မာနည်းပညာ နယ်ပါယ် အတွက်ပါ တကယ် အားတက်စရာပါပဲ။” ဟုပြောကြားလိုက်ပါတယ်။

အကဲဖြတ်ဒိုင်အဖွဲ့၏ အချိန်ယူ ၍ စဉ်းစား ချိန်ဆမှု အပြီးတွင် ပထမဆုကို ဆွတ်ခူး ရရှိသော အဖွဲ့မှာ “NilBug” အဖွဲ့ဖြစ်သည်။ ၄င်းတို့ တီထွင် သော ခေတ်မီသည့် Android App သည် တောင်သူ လယ်သမား ဦးကြီးများ အနီးနား ပတ်ဝန်းကျင် တွင် ပိုးမွှားကျရောက်ခြင်း နှင့် ကောက်ပဲ သီးနှံ့ ရောဂါပိုး ကျရောက်ခြင်းများကို ကြိုတင် အသိပေး နိုင်သော အကျိုးရှိသည် ။ အဖွဲ့အတွက် ဦးဆောင် တင်ပြသူ ကိုအာကာမင်းအောင် က ပြောကြားသည်မှာ “ ဒီ တပါတ် စနေ တနင်္ဂနွေ ကတော့ တကယ့် ကိုပျော်စရာ ကောင်းတယ်။ မြန်မာပြည် အတွင်းမှာ ဖြစ်နေတဲ့ အဓိကကျပြီး အရေးကြီးတဲ့ ပြဿနာ တွေကို ကျွန်တော်တို့ အရည်းအချင်းတွေ သုံးပြီး ဖြေရှင်းခွင့် ရခဲ့လို့ပါပဲ။ အများကြီး လည်း သင်ယူ ခဲ့ရတယ်၊ ဒီလို အမိုက်စား မိုဘိုင်း App ကို အသင်းအဖွဲ့ စိတ်ဓါတ်အပြည့်နဲ့ အင်တိုက်အားတိုက် ၀ိုင်းပြီး တီထွင်ရတာ ပျော်လည်း ပျော်တယ်၊ တခြား အဖွဲ့တွေလည်း အရမ်းတော်တယ် ။ ကျွန်တော်တို့ အဖွဲ့ ပထမရ သွားတာ ယုံတောင် မယုံ နိုင်ဘူး။”ဟုပြောကြား လိုက်ပါတယ်။

ပထမဆုသည် အဖွဲ့အတွက် အမေရိကန် ဒေါ်လာ တစ်ထောင် နှင့် အဖွဲ့ဝင်တိုင်း အတွက် တစ်ခုလျှင် အမေရိကန် ဒေါ်လာ တစ်ရာ့ရှစ်ဆယ် တန်သည့် SingTech Sapphire iTab Mini များ နှင့် Mr. Morle ၏ နည်းပညာ စီးပွါးရေးစတင်ပုံ ပညာပေး စာအုပ်တို့ ဖြစ်သည်။

အစိုးရမဟုတ်သော ပရဟိတ အဖွဲ့အစည်း တစ်ခုဖြစ်သည့် Proximity Design သည် ပထမရရှိ သွားသော အဖွဲ့အစည်း အတွက် တောင်သူ လယ်သမား ဦးကြီးများ ရင်ဆိုင် နေကြရသော ပြဿနာကို တင်ပြ သွားခြင်းဖြစ်သည်။

Proximity Designs ကို ပူးတွဲ တည်ထောင်သူ ဒေါ်ဒက်ဘီအောင်ဒင် က ပြောသည်မှာ “Hackathon ဟာ တောင်သူလယ်သမား ဦးကြီးတွေ တကယ် လက်တွေ့ ခံစားနေရတဲ့ အခက်အခဲတွေကို မြန်မာနည်းပညာ နယ်ပါယ်သား တွေနဲ့ လက်တွေ့ကျကျ ဖြေရှင်းဖို့ အတွက် တကယ့် အခွင့်အရေး တစ်ရပ်ပါပဲ။ NilBug အဖွဲ့က တီထွင်ခဲ့တဲ့ အပေါ်မှာ ကျွန်မတို့ အနေနဲ့ အင်မတန် အားရ ကျေနပ် ပါတယ်။ ရှေ့လျှောက်လည်း သူတို့ အကြံ ဥာဏ်ကို အောင်အောင်မြင်မြင် ဆန်းသပ်ပြီး App တွေအဖြစ် ထွက်ပေါ်လာအောင် အတူ လက်တွဲလုပ်သွားဖို့ရှိပါတယ်။” ဟုပြောကြားလိုက်သည်။

ဒုတိယဆု ကို “Electage” အဖွဲ့က ရရှိ သွားပါသည်။ ယင်းအဖွဲ့၏ တီထွင်မှုသည် ၂၀၁၅ ရွေးကောက်ပွဲ တွင် တရားမျှတမှု ရှိအောင် စောင့်ကြည့် စစ်ဆေးပေးသည့် Android App ဖြစ်သည်။ ယခုပင် စတင် အသုံးပြုနိုင်သော လက်တွေ့ကျသည့် App ဖြစ်ပြီး ၊ ရှေးပြေးပုံစံ ပါတီထွင်ထားပြီး iOS App အဖြစ်သုံး နိုင်သည့် အပြင် အင်တာနက်တွင်လည်း သုံးနိုင်မည် ဖြစ်သည်။ အဖွဲ့အနေ နှင့် ဒုတိယဆုကြေးငွေ အမေရိကန် ဒေါ်လာ ငါးရာ ရရှိပြီး တစ်လံုးလျှင် အမေရိကန် ဒေါ်လာ တစ်ရာ့နှစ်ဆယ် တန်ဖိုးရှိ SingTech ကုမ္ပဏီ ၏ ပထမတန်းစား အကောင်းဆုံး Smartphone ဖြစ်သည့် Sapphire Prime များကို အဖွဲ့ဝင် တစ်ဦးချင်းစီ က ဆွတ်ခူးရရှိ ခဲ့ကြဖြစ်သည်။

တတိယဆု ကိုမူ “Mild Product” အဖွဲ့က ရရှိခဲ့သည်။ ရုပ်ပုံများ နှင့် ရှင်းရှင်း လင်းလင်း တင်ပြ ထားသော အင်တာနက် စာမျက်နှာ အခြေခံ မိုဘိုင်း App ဖြစ်ပြီး အမျိုးသမီးများ သားဆက်ခြား ရန် အကျိုးပြုသည်။ တတိယဆုကြေး အဖြစ် အမေရိကန် ဒေါ်လာ နှစ်ရာ့ငါးဆယ် နှင့် အဖွဲ့ဝင် တစ်ဦးချင်းစီ အတွက် တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ရှစ်ဆယ် တန်ဖိုးရှိ SingTech iPure smartphone များရရှိခဲ့ကြသည်။

ယင်း Hackathon ပြိုင်ပွဲ ကို Internews ဆိုသည့် အစိုးရ မဟုတ်သော ပရဟိတ အဖွဲ့အစည်း က Code for Change Myanmar ဟူသည့် တီထွင်ကြံဆမှု ဆိုင်ရာ ပဏာမ ခြေလှမ်းများ အစီအစဉ် အောက် တွင် ဦးဆောင် ကျင်းပ ခဲ့ခြင်းဖြစ်သည်။ Internews မှ ၀ါရင့် မဟာဗျူဟာ အကြံပေး နှင့် Code for Change Myanmar ကို တည်ထောင်သူ Mr.David Madden က ပြောကြားသည်မှာ “ မြန်မာပြည် မှာ လူမှု ပတ်ဝန်းကျင် အတွင်း မှာ တွေ့ကြုံ ခံစား နေကြရတဲ့ ပြဿနာ တွေကို နည်းပညာကနေ ဘယ်လို ဖြေရှင်း သွားနိုင်သလဲ ဆိုတာကို Code for Change Myanmar ရဲ့ Hackathon ကပြလိုက်နိုင်ပါတယ်။ ပြည်သူတွေ ရဲ့ ဘ၀တွေကို ပိုပြီး တိုးတက် ဖွံ့ဖြိုးလာစေဖို့ ခေတ်မီ ဆန်းသစ်တဲ့ လက်တွေကျတဲ့ App တွေ ဒီဂျီတယ် ၀န်ဆောင်မှုတွေ ကို တီထွင်ကြံဆဖို့ ဒီမှာ အခုရှိနေတဲ့ နည်းပညာ နယ်ပယ် မှာ အရည်အချင်း တွေ အပြည့် ရှိပါတယ်။ ဒါမျိုး ပွဲတွေ ရှေ့လျှောက်လည်း အများကြီး လုပ်သွားဖို့ ရှိပါတယ်။” ဟုပြောကြား လိုက်ပါသည်။

Internews အပြင် Ooredoo မြန်မာ၊ IdeaBox မြန်မာ၊ ကမ္ဘာ့ဘဏ်၊ Singtech မြန်မာ ၊ Nescafe နှင့် Red Bull တို့က Code for Change Myanmar ၏ Hackathon ပွဲကို အားဖြည့် ပေးခဲ့ကြသည်။ Ooredoo Myanmar ၏ အလုပ် အမှုဆောင် အရာရှိချုပ် Mr. Ross Cormack က ပွဲကျင်းပ ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည် မှာ “Code for Change Myanmar ရဲ့ Hackathon ပြိုင်ပွဲ ကို ပံ့ပိုး ပေးရတာ Ooredoo မြန်မာ အနေ နဲ့ အထူး ဂုဏ်ယူပါတယ်။ Hackathon ပြိုင်ပွဲမှာ မြန်မာ နည်းပညာ နယ်ပါယ်က လူငယ်တွေ တီထွင်တာတွေ ဟာ နည်းပညာတိုးတက်ပြောင်းမှု က မြန်မာပြည် ရဲ့ဖွံ့ဖြိုးတိုးတက်မှု ကို အရှိန်အဟုန် မြှင့်တင်တော့ မယ်ဆိုတာ ကို ဥပမာအဖြစ် ပြလိုက်တာပဲဖြစ်ပါတယ်။” ဟုပြောကြားလိုက်ပါတယ်။

0 comments:

Post a Comment