Powered by Blog - Widget

Monday, March 24, 2014

ဘဏ်လုပ်ငန်းများအတွက် အိုင်စီတီအခြေခံ အဆောက်အဦမရှိပါက ဘဏ်ပြိုလဲနိုင်သည်အထိ ဖြစ်နိုင်ဟုဆို



Aung Ko Htet (MM IT Knowledge)


ယနေ့ခေတ် ဘဏ်လုပ်ငန်းများ လည်ပတ်ရာတွင် အိုင်စီတီအခြေခံ အဆောက်အဦမရှိပါက ဘဏ်ပြိုလဲနိုင်သည်အထိ ဖြစ်နိုင်ကြောင်း မတ်လ ၁၈ ရက်နေ့က ကျင်းပသော ICT4M Forum အခမ်းအနား ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍဆွေးနွေးပွဲမှ သိရသည်။



အိုင်စီတီနည်းပညာကို ခိုင်မြဲအောင် မလုပ်ဆောင်နိုင်ပါက ဘဏ်လုပ်ငန်းများ၏ အနာဂတ် လွယ်ကူမည်မဟုတ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်၏ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။ “ဒီနေ့ခေတ် ရောက်လာတဲ့အခါကျတော့ အိုင်စီတီ Infrastructure မရှိရင် ဘဏ်တစ်ခုဟာ ပြိုလဲသွားနိုင်တယ်ဆိုတာလည်း ကျွန်တော်သတိထားမိတယ်။ အနာဂတ်မှာ သွားနေတဲ့ ဘဏ်နည်းပညာ၊ အဓိကကတော့ အိုင်စီတီနည်းပညာပေါ့။ အဲဒါကို ကျွန်တော်တို့ ခိုင်ခိုင်မြဲမြဲ မလုပ်နိုင်ရင် ကျွန်တော်တို့ ဘဏ်တွေကလည်း ရှေ့ဆက်ဖို့မလွယ်ဘူး။ အဲဒါကို အခု ဘဏ်တော်တော်များများလည်း သိလာတယ်” ဟု ဦးသန်းလွင်က ပြောသည်။ လက်ရှိ ဘဏ်လုပ်ငန်းအတွင်း နည်းပညာဆိုင်ရာများ ဆောင်ရွက်ရာတွင် အခက်အခဲအချို့ ကြုံတွေ့ရကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။



“နိုင်ငံခြားမှာရှိတဲ့ ဘဏ်တွေက အေတီအမ်ချမယ်ဆိုရင် တစ်ခုပဲ သူတို့စဉ်းစားရတယ်။ ဘယ်နားမှာ ချမှာလဲဆိုတာကိုပေါ့။ ကျွန်တော်တို့က အဲလိုမဟုတ်ဘူး။ အေတီအမ်ချမယ်ဆိုရင် ပထမအဆင့်နေရာ ရွေးရတယ်။ ဒုတိယအဆင့်က အဲဒီနေရာ မီးလာလားဆိုတာကို စဉ်းစားရတယ်။ မီးအမြဲတမ်း မလာဘူးဆိုရင် တပ်ဆင်မယ့် အေတီအမ်နဲ့ အနီးဆုံးမှာ မီးစက်ရှိလားဆိုတာကို ကြည့်ရတယ်။ အဲဒီလုပ်ငန်းကနေ မီးကိုယူရတယ်။ ဒါလေးတစ်ခု စဉ်းစားရတယ်။ တတိယတစ်ခုက အဲဒီ့နေရာကနေ ဘဏ်ကို Communication ဘာနဲ့ လုပ်မှာလဲ ဆိုတာကို စဉ်းစားရတယ်။ ကျွန်တော်တို့ စလုပ်တဲ့အချိန်တုန်းက Data Card တွေ ဘာတွေ မပေါ်သေးဘူး။ သုံးခွင့်မပြုသေးဘူး။ အဲတော့ အေတီအမ်စက်တစ်လုံးချတိုင်းမှာ ipStar တစ်လုံး ချရတယ်။ ip Star ကို ရှောပင်းစင်တာထဲမှာ ချဖို့ဆိုတာက ဘယ်လိုမှအဆင်မပြေဘူး။ ဒါမျိုးကြုံရတယ်” ဟု ဦးရဲမင်းဦးက ပြောသည်။ လက်ရှိ တယ်လီကွန်းအော်ပရေတာကဲ့သို့သော လုပ်ငန်းများပေါ်ပေါက်လာခြင်းဖြင့် အနာဂတ်တွင် အခြေခံအဆောက်အဦ (Infrastructure) ပိုင်း ပြည်စုံမည်ဟု ယူဆကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဇော်မိုးသန့်က ပြောသည်။



“တယ်လီကွန်းအော်ပရေတာတွေ ဘာတွေလာမယ်။ အားလုံးက ပြုပြင်သွားမယ်ဆိုလို့ရှိရင်တော့ နောက်နှစ်နှစ်၊ သုံးနှစ်လောက်မှာ Infrastructure ဘက်က ပြည့်စုံလုံလောက်လာမယ်လို့ ယူဆတာပေါ့လေ။  ပြည်စုံလာတဲ့အခါ ပေးမယ့်ဝန်ဆောင်မှုတွေကို နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ဒါတွေကရော လုံလုံလောက်လောက် ရှိမလားဆိုတာလည်း ကြည့်ရမှာဖြစ်ပါတယ်” ဟု ဦးဇော်မိုးသန့်က ပြောသည်။ ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးရာတွင် ဘဏ်အသုံးပြုသူ (Customer) ၏ ယုံကြည်မှုရနိုင်ရန် နည်းပညာထုတ်ကုန်များလည်း ပေါ်ပေါက်လာနေပြီဖြစ်ကြောင်း ဦးသန်းလွင်ကဆိုသည်။ “အဓိကကတော့ Customer ရဲ့ ယုံကြည်မှုပေါ့။ အဲဒါရဖို့က Customer ကို ကျေနပ်စေနိုင်တဲ့ ဝန်ဆောင်မှုပေးရမယ်။ ပေးနိုင်ရမယ်ဆိုတော့ အခု နည်းပညာထုတ်ကုန်တွေ ပေါ်လာတယ်။ အခြေခံအားဖြင့်ဆိုရင် အေတီအမ်စက်တို့ဘာတို့ပေါ့။ နောက်ပိုင်းကျရင် မိုဘိုင်းနဲ့သွားမယ်။ ကျွန်တော်တို့လည်း အဲ့လောက်ထိ ပြင်ထားပါတယ်” ဟု ပြောသည်။



လက်ရှိပြည်တွင်းတွင် ဘဏ်အသုံးပြုသူ နည်းပါးနေသေးပြီး လူနှစ်သန်းခန့်သာ အမှန်တကယ် အသုံးပြုနေကြောင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းကဲ့သို့သော ဘဏ်ကို ဝင်ထွက်ဖူးသူ နှစ်သန်းခန့်ရှိပြီး စုစုပေါင်း လေးသန်းခန့်သာ ဘဏ်ကို အသုံးပြုနေသေးကြောင်း၊ အဆိုပါ လေးသန်းဆိုသည့် ပမာဏမှာ ရန်ကုန်မြို့ရှိလူဦးရေနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည့် အရေအတွက်ဖြစ်ကြောင်း ဦးရဲမင်းဦးက ဆိုသည်။ “အကယ်၍သာ ဘဏ်တွေဘက်ကနေ မာစတာကတ်တွေ၊ ဗီဇာကတ်တွေ လက်ခံနိုင်အောင် လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံက လုပ်ငန်းရှင်တွေ အကျိုးအမြတ်ပိုပြီး ရလာမယ်။ လက်ရှိဘဏ်တစ်ခုက မာစတာ ကတ်တွေ၊ ဗီဇာကတ်စတင် ဝန်ဆောင်မှုပေးနေတာ တွေ့ရပါတယ်” ဟု 2C2P ၏ စီအီးအို ဦးအောင်ကျော်မိုးက ပြောကြားသည်။



ref: ထွန်းထွန်း၊ ဝေဝေ

0 comments:

Post a Comment