Powered by Blog - Widget

Tuesday, March 4, 2014

ရတနာပုံတယ်လီပို့ကို အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဟု စတင်အသုံးပြု




Post By Aung Ko Htet ( MM IT Knowledge)
ရတနာပုံတယ်လီပို့ကုမ္ပဏီသည် ၎င်းနှင့်သက်ဆိုင်သည့် ဝက်ဘ်ဆိုက်စာမျက်နှာနှင့် ရုံးလုပ်ငန်းဆိုင်ရာများ၌ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဟု ထည့်သွင်းအသုံးပြုလာခဲ့သည်။



“ရတနာပုံတယ်လီပို့က အများပိုင်ဖြစ်သွားပြီ။ ဒါကြောင့် ပြောင်းသုံးတာ။ ကြာပြီ ဒီဇင်ဘာကတည်းက အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဆိုပြီး ပြောင်းသုံးထားတာ” ဟု ရတနာပုံတယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ စီအီးအို ဦးတင်ဝင်းက ပြောသည်။



ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်သည် ယခင်က အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ် ၂၀၀၉ ခုနှစ်မှ စတင်ရပ်တည်ခဲ့ပြီး အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းကာ နည်းပညာနှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်းလုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။



အစိုးသစ်လက်ထက်၌ ဆက်သွယ်ဝန်ဆောင်မှုလုပ်ငန်းများကို ယှဉ်ပြိုင်လုပ်ကိုင်ရန် အော်ပရေတာများ ခန့်အပ်သည့်အခါ ရတနာပုံတယ်လီပို့သည် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ် သတ်မှတ် ရွေးချယ်ခြင်းခံခဲ့ရသည်။ အဆိုပါ အော်ပရေတာလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရန်အတွက် ရတနာပုံတယ်လီပို့သည် ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲမည်ဟု ၂၀၁၃ ခုနှစ်အတွင်း ကြေညာခဲ့သည်။



၎င်းတို့အနေဖြင့် အစိုးရပိုင်ဆိုင်မှုများကို ကုမ္ပဏီအတွင်းမှ ဖယ်ရှားသွားမည်ဖြစ်သည့်အပြင် အများပြည်သူထံ အစုရှယ်ယာများကို ရောင်းချပေးသွားမည်ဟုလည်း ပြောဆိုခဲ့သည်။ အစုရှယ်ယာတစ်စုလျှင် ငွေကျပ် ၁ သောင်းဖြင့် ရောင်းချပေးသွားမည်ဟု ရတနာပုံတယ်လီပို့က ပြောဆိုခဲ့သော်လည်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဟု ခေါ်ဝေါ်အသုံးပြုလာသည့် ယနေ့အချိန်အထိ ထုတ်ဝေရောင်းချခဲ့ခြင်း မရှိပေ။



ရတနာပုံတယ်လီပို့သည် ၂၀၀၂ ခုနှစ်မှစတင်ပြီး နည်းပညာ နှင့် သက်ဆိုင်သည့်စီးပွားရေးဝန် ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင် လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု ပြောဆိုထားသည်။ ၎င်းတို့သည် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းနှင့် ပတ်သက်၍ ဝန်ဆောင်မှုများကို တိတိကျကျ ပြောဆိုထားခြင်း မရှိသေးသော်လည်း မိုဘိုင်းနှင့် အင်တာနက်စနစ်အပြင် ဆော့ဖ်ဝဲနှင့် မာလ်တီမီဒီယာ လုပ်ငန်းများကို တွဲဖက်လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့သည်။



Credit>>> မြင့်ကျော်လှိုင်

0 comments:

Post a Comment