Powered by Blog - Widget

Monday, March 10, 2014

မလေးရှားနိုင်ငံသို့ သွားရောက်မည့် မည်သူမဆို မလေးရှားဆင်းမ်ကတ် အခမဲ့ပေးမည်




Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်မည့် မည်သူမဆို မလေးရှားနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် ဆင်းမ်ကတ်အား အခမဲ့ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။



အလုပ်သွားရောက် လုပ်ကိုင်မည့်သူများအပြင် အလုပ်ကိစ္စဖြင့် ခေတ္တသွားရောက်ခြင်း၊ အလည်ပတ်သွားရောက်ခြင်း စသည်ဖြင့် မည်သူမဆို မြောက်ဒဂုံ၊ ပင်လုံခန်းမရှိ Tone Plus ကုမ္ပဏီတွင် လာရောက်ထုတ်ယူနိုင်ကြောင်း Tone Plus ကုမ္ပဏီ၏ မြန်မာနိုင်ငံကိုယ်စားလှယ် ဦးသန်းဝင်းက ပြောသည်။ ““ပတ်စ်ပို့စာအုပ်ရယ်၊ ဗီဇာရယ်တော့ ပြရမှာဖြစ်ပါတယ်။ ထုတ်သွားပြီး ပြန်မသုံးဘဲ ထားရင်တော့ တစ်လအတွင်း ကတ်သေသွားမှာမို့ တကယ်သွားမယ့်သူတွေကို ထုတ်စေချင်တာပါ။ ကတ်အရေအတွက်ကို ကန့်သတ်မထားပါဘူး။ အမြဲတမ်း ထုတ်ပေးနေမှာ ဖြစ်ပါတယ်” ဟု ဦးသန်းဝင်းက ပြောကြားသည်။ ဆင်းမ်ကတ်များအား အခမဲ့ပေးခြင်းဖြစ်ပြီး ဖုန်းကတ်ထဲတွင် ငွေဖြည့်သွင်းထားမည် မဟုတ်ကြောင်း၊ ငွေဖြည့်သွင်းမည်ဆိုပါက ဖုန်းကတ်ထုတ်ယူသည့် နေရာတွင်ပင် ဖြည့်သွင်းနိုင်ကာမိမိဖြည့်သွင်းသည့်တန်ဖိုးအလိုက် မြန်မာကျပ်ငွေဖြင့်လည်း ပေးချေနိုင်ကြောင်း သိရသည်။



မတ်လ ၆ ရက်မှ စတင်ထုတ်ပေးနေပြီး ယင်းနေ့တွင် ဆယ်ဦးကျော်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “တစ်လကို ရင်းဂစ်သုံးဆယ်နှုန်းနဲ့ နှစ်လဆက်တိုက် သုံးပြီးရင်တော့ အသုံးပြုသူကို ကုမ္ပဏီက အသက်အာမခံ ထားပေးမှာဖြစ်ပါတယ်။ အသက်အာမခံကြေးရရှိရင် မြန်မာငွေကျပ်သိန်း ၃၂၀ နဲ့ ညီမျှတဲ့ မလေးရှားရင်းဂစ် ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။ Tone Plus ကုမ္ပဏီ၏ ဆင်းမ်ကတ်ကို အသုံးပြုမှုအပေါ် မူတည်၍ အခြားခံစားခွင့်များလည်း ရရှိနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ Oyrm-Tone Plus ကုမ္ပဏီ၏ သက်ဆိုင်ရာ ဟိုတယ်များတွင် တည်းခိုပါက
ဈေးနှုန်းလျှော့ပေါ့ပေးခြင်းမျိုး အစရှိသော အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း ဦးသန်း​ဝင်းကပြောသည်။ “Tone Plus ကခေါ်ဆိုခ သက်သာပါတယ်။ တစ်လကို ၃၀ ရင်းဂစ်ဆိုတာလည်း မများပါဘူး။ ကျွန်တော့်အနေနဲ့ ပုံမှန်သာသာလောက်ပဲ သုံးနေကျ အနေအထားဖြစ်ပါတယ်။ ကျွန်တော်ထွက်လာတုန်းက အဲလိုမျိုးမရှိခဲ့ပေမယ့် အခုလိုမျိုး မြန်မာနိုင်ငံကနေ တစ်ပါတည်း ဖုန်းကတ်ယူလာလို့ရတော့ ဒီမှာရောက်ရောက်ချင်း အခက်အခဲ တစ်စုံတစ်ရာတွေ့ရင် အသိတွေက ချက်ချင်းဆက်သွယ်နိုင်တာပေါ့” ဟု မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။



မလေးရှားနိုင်ငံသို့ သွားရောက်သူများအနေဖြင့် မိသားစုထံ အလွယ်တကူ ဆက်သွယ်နိုင်စေရန်၊ အသက်အာမခံစနစ် ထည့်သွင်းထားခြင်းကြောင့် အန္တရာယ်တစ်စုံတစ်ခု ဖြစ်ပေါ်ခဲ့မည်ဆိုပါက အာမခံကြေး (နစ်နာကြေး) ခံစားနိုင်စေရန်၊ မိသားစုများ မလေးရှားနိုင်ငံသို့ လာရောက်လည်ပတ်မည်ဆိုပါက Tone Plus ကုမ္ပဏီသက်ဆိုင်ရာ ဟိုတယ်တွင် ဈေးနှုန်းသက်သာစွာဖြင့် တည်းခိုနိုင်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဦးသန်းဝင်းကဆိုသည်။ “မြန်မာနိုင်ငံကို ခေါ်တာတို့၊ ဘာတို့ဆိုရင်တော့ တစ်လကို ရင်းဂစ်သုံးဆယ်မက သုံးခဲ့ပါတယ်။ ကုမ္ပဏီနာမည်တွေတော့ မမှတ်မိတော့ဘူး။ အင်တာနက် ဝန်ဆောင်မှုကောင်းတဲ့ အမျိုးအစားကိုပဲ ရွေးချယ်သုံးခဲ့တယ်” ဟု မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးကပြောသည်။ Tone Plus ကုမ္ပဏီမှာ မလေးရှားနိုင်ငံရှိ မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရှိထားသော ကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။



Ref: -ထွန်းထွန်း

0 comments:

Post a Comment