Friday, March 14, 2014
Home »
Myanmar News
,
News
» GE ကုမ္ပဏီက စွမ်းအင်လျှော့ချနည်းပညာဖြင့် မြန်မာနိုင်ငံ မီးလင်းရေးစီမံကိန်းကို ဆောင်ရွက်မည်
GE ကုမ္ပဏီက စွမ်းအင်လျှော့ချနည်းပညာဖြင့် မြန်မာနိုင်ငံ မီးလင်းရေးစီမံကိန်းကို ဆောင်ရွက်မည်
Aung Ko Htet (MM IT Knowledge)
ရန်ကုန်အမေရိကန် အခြေစိုက် GE (General Electric) ကုမ္ပဏီက ၎င်းတို့၏နည်းပညာများကို အသုံးချပြီး မြန်မာနိုင်ငံတွင် အိမ်တိုင်းလျှပ်စစ်မီးသုံးစွဲနိုင်ရန်အတွက် စီမံကိန်းတစ်ခုကို ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
GE နှင့် ပူးပေါင်းပြီး မြန်မာ နိုင်ငံမီးလင်းရေးအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီမှာ Krislite ဖြစ်သည်။ အဆိုပါ စီမံကိန်းကို ဆောင်ရွက်ရာတွင် အမေရိကန်ကုမ္ပဏီဘက်မှ စွမ်းအင်လျှော့ချပြီး လျှပ်စစ်မီးသုံးစွဲနိုင်သည့် နည်းပညာများကို အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမေရိကန်ကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ ပြည်တွင်းလျှပ်စစ်ထုတ်ကုန်များကို ရောင်းချသည့် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး အထက်ပါ စီမံကိန်းကို လုပ်ဆောင်ရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းတိုင်း လျှပ်စစ်မီးသုံးစွဲနိုင်သည့် အခွင့်အရေး မရရှိသေးခြင်းနှင့် မြို့ကြီးများ၏ ဆင်ခြေဖုံးရပ်ကွက်များတွင်ပင် လျှပ်စစ်မီးကို လုံလောက်စွာ မသုံးစွဲနိုင်ကြသေးခြင်းကြောင့်ဟု သိရသည်။
မြန်မာနိုင်ငံတွင် မီးလင်းရေးစီမံကိန်းအတွက် GE က စွမ်းအင်လျှော့ချပြီး မီးသုံးစွဲနိုင်သည့် နည်းပညာများကို အသုံးပြုမည့်အပြင် ၎င်းတို့၏ လျှပ်စစ်ထုတ်ကုန်များကို ပြည်တွင်း၌ အသုံးချသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အဆိုပါ အမေရိကန်ကုမ္ပဏီအနေဖြင့် ပြည်တွင်း၌ လျှပ်စစ်မီးလင်းရေး စီမံကိန်းဆိုင်ရာ အခြေခံအဆောက်အဦများကိုလည်း တည်ဆောက်ပေးသွားမည့်အပြင် စွမ်းအင်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများကိုလည်း ပေးသွားရန်ရှိကြောင်း သိရသည်။
လူတစ်ဦးချင်းမီးသုံးစွဲနိုင်သည့် လိုအပ်ချက်မြင့်မားနေဆဲ မြန်မာနိုင်ငံ၏ မီးလင်းရေးစီမံကိန်းအတွက် အထက်ပါ GE ကုမ္ပဏီအပြင် နယ်သာလန်နိုင်ငံအခြေစိုက် Philips ကုမ္ပဏီကလည်း ၎င်းတို့၏ နည်းပညာများဖြင့် ပြည်တွင်းလျှပ်စစ်မီး သုံးစွဲနိုင်ရေးအတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးရန်ရှိနေသည်။
GE ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် လျှပ်စစ်မီးကို စတင်တီထွင်ခဲ့သူ Thomas Edison တည်ထောင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိတာဝန်ယူနေသော အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို ဆက်တိုက်ပံ့ပိုးပေးနေသော အမေရိကန်နိုင်ငံ၏ ကုမ္ပဏီတစ်ခု ဖြစ်သည်။
Ref: ယုဇနကိုကို
0 comments:
Post a Comment