Powered by Blog - Widget

Monday, April 21, 2014

Luxuryတန်းဝင်တဲ့ Chevrolet Suburban 2013



Aung Ko Htet (MM IT Knowledge)
 

ကျွန်တော် မှတ်မိသလောက်တော့ Chevyရဲ့ Suburbanအကြောင်းကို အရင်က ကျွန်တော် မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် စာမူအဟောင်းကိုတော့ ပြန်ပြီး Pressလုပ်ဖို့ ပေးလိုက်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင် ကျွန်တော် မိတ်ဆက်ပေးခဲ့ဖူးတဲ့ Suburbanက ၂၀၀၇ခုနှစ် မော်ဒယ် ဖြစ်သလို Usedအဖြစ်နဲ့ ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်တဲ့အချိန်တုန်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး အခု ကျွန်တော် မိတ်ဆက်ပေးမှာက Brand New Suburbanအကြောင်းဖြစ်သလို ပြည်တွင်းမှာ Chevyရဲ့ Showroomကို သွားပြီး လေ့လာဝယ်ယူနိုင်တဲ့ အနေအထားပါ။ ကောင်းပါပြီ၊ ဒီတော့ ကျွန်တော် အရင်ရေးပေးခဲ့ဖူးတဲ့ Suburbanအကြောင်းကို ဖတ်ဖူးသူတွေ အနေနဲ့ စာမူအဟောင်းကို ပြန်ပြီး ဖတ်ရမှာ မဟုတ်ဖူးဆိုတာကို ပြောပြီးတဲ့ နောက်မှာတော့ အခု ဒီတစ်ပတ်အတွက် ကျွန်တော် ရွေးချယ်ထားတဲ့ Brand New Suburbanအကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။ 



Luxuryတန်းဝင်ရတဲ့ အကြောင်း….
---------------------------------------
ပထမဆုံး ခေါင်းစဉ်မှာ Luxuryတန်းဝင်တယ်လို့ ဆိုလိုက်ရတဲ့ အကြောင်းကို ရှင်းပြချင်ပါသေးတယ်။ ကမ္ဘာ့ကားလောကမှာတော့ ကားတစ်စီးကို Luxuryတန်းဝင်တယ်၊ မ၀င်ဘူး ဆိုတာကို သတ်မှတ်ဖို့ အခြေခံ အချက် ၃ချက် ရှိရပါတယ်။ အဲဒါက ဆက်သွယ်ရေးဆိုင်ရာ Featureအပိုင်းမှာ Bluetoothကို သုံးနိုင်ရမယ်၊ နောက်ပြီး Mappingပိုင်းမှာ Navigation Systemကိုလည်း တပ်ဆင်ထားရမယ်၊ နောက်ဆုံးတစ်ချက်ကတော့ Heated Seatဆိုတဲ့ အပူပေး ထိုင်ခုံတွေလည်း ပါဝင်ရဦးမယ်ဆိုတာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ Bluetoothကတော့ နောက်ပိုင်းထုတ် မော်ဒယ်တော်တော်များများမှာ သုံးနိုင်တာ တွေ့ရတာကြောင့် အထူးအဆန်း မဟုတ်ပေမယ့်၊ Navigation Systemနဲ့ Heated Seatတွေကတော့ တွေ့ရခဲမှာပါနော်။ ဒီသုံးချက်က အခြေခံအပိုင်း ဖြစ်ပြီးတော့ ကျန်တဲ့ Luxuryတစ်စီးမှာ ရှိရမယ့် စွမ်းဆောင်ရည်တွေလည်း ပါဝင်ပါတယ်။ ကောင်းပါပြီ၊ ဒါကြောင့်လည်း ကျွန်တော်က Suburbanကို Luxuryတန်းဝင်တယ်လို့ ဆိုလိုက်တာပါ။



လူတိုင်းစိတ်ဝင်စားကြတဲ့ အချက်က….
-------------------------------------------
SUVတစ်စီး အနေနဲ့ ခရီးသည် လိုက်ပါနိုင်တဲ့ ထိုင်ခုံတန်း နှစ်တန်း ဒါမှမဟုတ် သုံးတန်း ပါဝင်လေ့ ရှိပါတယ်။ ဒီတော့ အရင်ဆုံး ကိုယ့်မိသားစုကို တစ်ချက်လောက် ပြန်ရေတွက် ကြည့်လိုက်ပါ၊ မိသားစု ဦးရေ များလား၊ နည်းလား၊ နည်းတယ်ဆိုရင်တော့ အာရှ SUVတစ်စီးစီးက Suburbanထက် ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ပြောချင်ပေမယ့်၊ မိသားစု ဦးရေ များတယ်ဆိုရင်တော့ Suburbanက သင့်အတွက် အဆင်ပြေစေပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ Suburbanမှာ တတိယထိုင်ခုံတန်း ထည့်သွင်းတည်ဆောက်ထားတာ တွေ့ရသလို ခရီးသည် လိုက်ပါစီးနင်းနိုင်မှုက ၉ယောက်ထိအောင် ဖြစ်လို့ပါပဲ။ နောက်ပြီး အတွင်းခန်းတွေ ကျယ်ဝန်းတာကြောင့် ခရီးသည် ဦးရေ များများ လိုက်ပါနေသည့်တိုင်အောင် ချောင်ချောင်ချိချိ လိုက်ပါနိုင်မှာပါ။ နောက်ဆုံးအနေနဲ့ လူအများ စိတ်ဝင်စားမယ့် အချက်ကတော့ V8အင်ဂျင် အနေနဲ့ အထိအတွေ့သစ်ကို ခံစား မောင်းနှင်နိုင်မှာ ဖြစ်ပြီးတော့ ဘယ်လို မောင်းနှင်လို့ ကောင်းပါတယ်ဆိုတာကို ကျွန်တော်ပြောပြနေတာက ဖောင်နေရာ စာရွက်ဖြုန်းသလို ဖြစ်နေမှာဆိုတော့ ကောင်းပါတယ်ဆိုတဲ့ မှတ်ချက်ကိုပဲ ပေးလိုက်ပြီးတော့ တကယ်လို့ အထိအတွေ့သစ်ကို လက်တွေ့ခံစားကြည့်ချင်တယ်ဆိုရင်တော့ Showroomမှာပဲ သွားပြီး ခံစားကြည့်နိုင်ပါတယ်နော်။



ပြန်ပြီးစဉ်းစားရမယ့် အချက်…
---------------------------------
တတိယမြောက်ထိုင်ခုံတန်း ပါဝင်တာက လူအများ စိတ်ဝင်စားမယ့်၊ သဘောကျမယ့်၊ လက်ခံမယ့် အချက် ဖြစ်ပေမယ့် တစ်ဖက်က အဲဒီ တတိယမြောက် ထိုင်ခုံတန်းကို ခေါက်လို့၊ သိမ်းလို့ မရအောင် ဖန်တီးထားတာက ရေရှည်အတွက် ပြန်ပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။ ဘာကြောင့်ပါလဲ၊ လွယ်လွယ်လေးပါ၊ SUVတစ်စီးအတွက် နောက်ဖက် ၀န်တင်ခန်းနေရာက အရေးပါသလို အဲဒီနေရာ ကျယ်ဝန်းမှလည်း ၀န်များများ တင်နိုင်မှာ ဖြစ်လို့ပါ၊ အခုတော့ Suburbanက နောက်ဖက် ၀န်တင်ခန်း နေရာမှာ ထိုင်ခုံတန်း တစ်ခုကို သွားပြီး တည်ဆောက်ထားတယ်၊ ဒါပေမယ့် မလိုတဲ့ အချိန်မှာ ခေါက်ထား၊ သိမ်းထားလို့ မရပြန်ဘူး ဆိုတော့….၀ယ်မယ့်သူ သဘောပါနော်၊

ကျွန်တော်က စဉ်းစားရမယ့် အချက်ကိုပဲ ထောက်ပြပေးတာပါ။ နောက်တစ်ချက်၊ ဘရိတ်ပိုင်း၊ Chevyက ကိုယ်ထည်ပိုင်း၊ အသက်ကယ် လုံခြုံစိတ်ချရမှု၊ အားလုံး အမြင့်တန်းစားပါ။ ဒါပေမယ့် ဘရိတ်ပိုင်းကတော့ အခြားမော်ဒယ်တွေထက်စာရင် အကွာအဝေး ပိုများတာကြောင့် နည်းနည်း ပြန်စဉ်းစားရမယ့် အချက်ထဲ ပါလာတာ ဖြစ်ပါတယ်။ 



Truckတစ်စီးလို ထင်ရမယ့် Suburban…
---------------------------------------------
အကြီးစား SUVဆိုတဲ့ စကားလုံးနဲ့တောင် မရနိုင်တဲ့ ကိုယ်ထည်ပိုင်း အတိုင်းအတာကတော့ မျက်စိရှေ့မှာ မြင်သည် ဖြစ်စေ၊ စာမှာ ဖတ်မိသည် ဖြစ်စေ၊ မနည်းပါ့လားလို့ မှတ်ချက်ပေးစရာပါ။ Extended အတန်းအစားဝင် SUVဖြစ်ပြီးတော့ အလျားက ၁၈ပေနဲ့ ၆လက်မခွဲဆိုတဲ့ ပမာဏက ကျွန်တော် အရင်ရေးဖူးခဲ့တဲ့ မော်ဒယ်တွေ အားလုံးထဲမှာ အကြီးဆုံး ဖြစ်ပါလိမ့်မယ်။ မျက်နှာစာ အကျယ်အပိုင်းမှာက ၆ပေနဲ့ ၇လက်မကို တစ်စိတ်ပဲ ပိုတာ ဖြစ်လို့ မျက်နှာစာ အပိုင်း ကြီးမားလွန်းတယ်လို့ မဆိုသာသလို အမြင့်ကလည်း ၆ပေနဲ့ ၅လက်မကို တစ်စိတ်ပဲလျော့တာကြောင့် ပုံမှန် အနေအထားပါ။ ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်နိုင်မှုက ၉လက်မကို တစ်စိတ်ပိုနေသေးတာကြောင့် Off-Raodအနေအထားမျိုးတင် မဟုတ်ပဲ ကိုကျားပေါက်ရဲ့ သီချင်းလို ဘာလာလာ အဆင်ပြေစေပါလိမ့်မယ်။ အတွင်းခန်းအကျယ်အ၀န်းကလည်း Family Typeအတွက် ဆိုတော့ ရှေ့ဖက်ခန်းရော နောက်ဖက်ခန်းကိုပါ ၆၅လက်မကို နှစ်စိတ်စွန်းအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Suburbanရဲ့ အများဆုံး ရုန်းကန်နိုင်မယ့် ၀န်ပမာဏက ပေါင် ၈၁၀၀ ဖြစ်ပြီးတော့ ကားရဲ့ အလေးချိန်ကတော့ ၅၆၇၀ပေါင် ရှိမှာ ဖြစ်ပါတယ်။

Suburbanရဲ့ စွမ်းပကား…
-----------------------------
တပ်ဆင်ထားမယ့် အင်ဂျင်ပိုင်းကို ကြည့်မယ်ဆိုရင် ၅.၃လီတာသုံး V8အင်ဂျင်ကို တပ်ဆင်ထားတာကြောင့် ဒီလောက် အလေးချိန်များတဲ့ SUVအတွက် ဒီလောက် အင်ဂျင် ပမာဏက သေးများသေးမလားလို့တောင်မှ အောက်မေ့မိပါတယ်။ ဒါပေမယ့် အင်ဂျင်ရဲ့ လည်ပတ်အား တစ်မိနစ်စာ အပတ်ရေ ၄၀၀၀မှာ ရုန်းအားက ၃၃၅ပေ-ပေါင် ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၃၂၀အားဆိုတော့ မဆိုးပြန်ပါဘူး။ ဒီရုန်းအား၊ ဒီစွမ်းအားကို ကြည့်တာနဲ့ Suburbanက ပြေးအား မကောင်းနိုင်ပေမယ့်၊ ရုန်းအား ကောင်းမယ်ဆိုတာကတော့ သေချာစေပါတယ်နော်၊ ဟုတ်ပါတယ်၊ Suburbanက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုမှာ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၉စက္ကန့်ထိအောင် ယူမှာ ဖြစ်တာကြောင့် ဈေးကွက်မှာ ပြိုင်ဖက် ဖြစ်မယ့် Toyota Sequoiaထက် အချိန်ပိုယူတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ပြေးအား မကောင်းပေမယ့် ကျွန်တော် ပြောခဲ့ပြီး သလို ရုန်းအား ကောင်းကောင်းနဲ့ လမ်းစုံကို စိတ်ကြိုက် ကျော်ဖြတ်နိုင်မှာပါ။

Suburbanနဲ့ ပတ်သက်လို့….
--------------------------------
ဆီစားနှုန်း အပိုင်း ပြောဖို့ ကျန်နေပါသေးတယ်နော်၊ ဟုတ်ပါတယ်၊ နောက်ဘီးယက်စနစ်၊ ကိုယ်ထည်ရဲ့ အလေးချိန် တစ်ခုတည်းတင် ပေါင် ၅၇၀၀နီးပါး၊ Autoစနစ်နဲ့ သွားမယ့် SUV၊ Extended အရွယ်အစား SUV၊ ၀န်တင်ရုန်းကန်နိုင်မှုက ပေါင် ၈၀၀၀ကျော်၊ ဒီအချက်တွေကို မြင်လိုက်တာနဲ့ Suburbanရဲ့ ဆီစားနှုန်းကို သင် ကြားချင်မှာ မဟုတ်တော့ပါဘူးနော်။ အမြင့်ဆုံး လည်ပတ်အားက တစ်မိနစ်ကို အပတ်ရေ ၅၄၀၀ဆိုတဲ့ တစ်ချက်ပဲ ခံသာစရာ ရှိပေမယ့် အနည်းနဲ့ အများကတော့ ထူးခြားလာစရာ မရှိပါဘူး။ စုစုပေါင်း သုံးနိုင်မယ့် ဂီယာချက် စုစုပေါင်းက ၆ချက်ထိအောင်ပဲ ဆိုတာက ပုံမှန်ဆိုရင် နည်းတယ်လို့ ဆိုပေမယ့် မြန်နှုန်း မြင့်မြင့် မောင်းနိုင်မှာ မဟုတ်တဲ့ မော်ဒယ်တစ်စီးအတွက်တော့ သင့်တော်ပါတယ်။ Suburbanမှာ တပ်ဆင် ပါရှိမယ့် ဆီတိုင်ကီရဲ ဆံ့ဝင်နိုင်မှုနှုန်း ၃၁ဂါလံဆိုတဲ့ ပမာဏက ဆီတိုင်ကီနဲ့ ရေတိုင်ကီ မှားတပ်ထားရသလားတောင် အောက်မေ့စရာပါနော်။ အသက်ကယ် လေအိတ်စနစ် အပြည့်အစုံကို တပ်ဆင်ထားတာ တွေ့ရသလို ကိုယ်ထည်ပိုင်းအတွက်ရော၊ ခရီးသည် လိုက်ပါစီးနင်းမှု အပိုင်းမှာရော လုံခြုံစိတ်ချရမှု အမြင့်ဆုံး ရမှတ်တွေ၊ မှတ်ချက်တွေ ပိုင်ဆိုင်ထားတာ တွေ့ရပြီး ဘရိတ်ပိုင်းကတော့ တစ်နာရီ မိုင် ၆၀နှုန်းနဲ့ မောင်းနှင်နေရင်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၄၅ပေတောင်မှ ယူမှာ ဖြစ်တာကြောင့် တော်တော်လေး များနေတာ တွေ့ရပါတယ်။

လင်းလင်း (IA)

0 comments:

Post a Comment