Powered by Blog - Widget

Saturday, April 12, 2014

Nokia နှင့် Ericsson ကုမ္ပဏီတို့က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ရန် ရာနှုန်းပြည့် နိုင်ငံခြားမြှုပ်နှံမှုဖြင့် ၀င်ရောက်



Aung Ko Htet (MM IT Knowledge)


စင်ကာပူနှင့် ဆွီဒင်နိုင်ငံမှ Nokia နှင့် Ericsson ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ရာနှုန်းပြည့်နိုင်ငံခြား မြှုပ်နှံမှုဖြင့် ၀င်ရောက်လာကြောင်း သိရသည်။

အဆိုပါကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုချက်အပေါ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်းဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတားမြို့နယ်နှင့် လှိုင်မြို့နယ် (လှိုင်တက္ကသိုလ်ဝင်းအတွင်း) တို့တွင် လုပ်ငန်းများ အကောင်အထည်ဖော် လုပ်ကိုင်မည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ရန် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီများအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ  တင်ဒါခေါ်ယူမှုများပြုလုပ်ခဲ့ရာ နော်ဝေနှင့် ကာတာနိုင်ငံအခြေစိုက် တယ်လီနော၊ အူရီဒူးကုမ္ပဏီများမှ တင်ဒါ အောင်မြင်ခဲ့ရာ ၎င်းကုမ္ပဏီများနှင့် ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခုကို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစတင်နိုင်ရန် ဇန်န၀ါရီလအတွင်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သော Apollo Towers Myanmar ကုမ္ပဏီ၊ Digicel Myanmar Tower ကုမ္ပဏီနှင့် Myanmar Fiber Optic Communication Network Co., Ltd ကုမ္ပဏီတို့ကိုလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ လုပ်ငန်းများလုပ်ကိုင်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ၂၀၁၄ ခုနှစ် မတ်လကုန်အထိ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်မြှုပ်နှံမှုမှာ ဒေါ်လာ ၁၃၂၇ သန်းကျော်ရှိကြောင်း သိရသည်။

Ericsson ကုမ္ပဏီ၏ရုံးချုပ်မှာ ဆွီဒင်နိုင်ငံ၌တည်ရှိပြီး တယ်လီကွန်မြူနီကေးရှင်းဆိုင်ရာ ပစ္စည်းကိရိယာ ထုတ်လုပ်၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ကမ္ဘာတစ်ဝန်းတွင် လုပ်ကိုင်နေပြီး Nokia ကုမ္ပဏီ၏ ရုံးချုပ်မှာ ဖင်လန်နိုင်ငံတွင်ရှိပြီး အင်တာနက်၊ ကွန်ပျူတာဆော့ဝဲလ်ဆိုင်ရာများနှင့် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။



ref: Eleven Media

0 comments:

Post a Comment