Tuesday, April 8, 2014
Home »
Myanmar News
,
News
» VISA ကုမ္ပဏီနှင့် ဧရာဝတီဘဏ်ပူးပေါင်းပြီး နိုင်ငံတကာသုံး ငွေပေးချေရေးစနစ် ကတ်များ ထုတ်လုပ်မည်
VISA ကုမ္ပဏီနှင့် ဧရာဝတီဘဏ်ပူးပေါင်းပြီး နိုင်ငံတကာသုံး ငွေပေးချေရေးစနစ် ကတ်များ ထုတ်လုပ်မည်
Aung Ko Htet (MM IT Knowledge)
အမေရိကန်နိုင်ငံ၏ Visa Inc. သည် ပြည်တွင်းအခြေစိုက် ပုဂ္ဂလိကဘဏ်လုပ်ငန်း တစ်ခုဖြစ်သည့် ဧရာဝတီဘဏ်နှင့် ပူးပေါင်းပြီး နိုင်ငံတကာသို့ သယ်ဆောင်အသုံးပြုနိုင်မည့် AYA World Travel Visa Card ဟု ခေါ်တွင်သည့် အီလက်ထရွန်နစ်ငွေပေးချေရေးကတ်များကို ထုတ်လုပ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမေရိကန် စမတ်ကတ်ထုတ်လုပ်သည့်ကုမ္ပဏီနှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းမှုကြောင့် ပြည်တွင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့် ငွေပေးချေရေးကတ် AYA World Travel Prepaid Card များကို နိုင်ငံတကာသို့ သွားရောက်သည့်အခါတွင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။
အဆိုပါ စီးပွားရေးလုပ်ငန်းနှစ်ခု၏ အကျိုးတူပူးပေါင်းမှုဖြင့် ထွက်ရှိလာသည့် ငွေပေးချေရေးကတ်များသည် တစ်ဦးချင်း သုံးစွဲနိုင်သောကတ်နှင့် အသင်းအဖွဲ့အနေဖြင့် သုံးစွဲနိုင်သောကတ်များဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် ထွက်ရှိလာခြင်းဖြစ်ကြောင်း ဧရာဝတီဘဏ်မှ သတင်းရရှိသည်။
ယင်းကဲ့သို့ ကတ်အမျိုးအစားနှစ်မျိုးဖြင့် ထွက်ရှိလာမှုတွင် အသင်းအဖွဲ့များအနေဖြင့် အသုံးပြုနိုင်မည့် Corporate Card အမျိုးအစားကို ဧရာဝတီဘဏ်က ပြည်တွင်း၏ အီလက်ထရွန်နစ် ငွေပေးချေရေး ကတ်ဝန်ဆောင်မှုများတွင် ပထမဆုံးအနေဖြင့် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင်အဆိုပါ AYA World Travel Visa Card တွင် Visa Inc. ၏ PayWave ဟူသည့် နည်းပညာကို အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ နည်းပညာသည် ကတ်ကိုအသုံးပြုသူအနေဖြင့် အခက်အခဲတစ်စုံတစ်ရာမရှိစေဘဲ ပိုမိုအလွယ်တကူအသုံးပြုနိုင်မည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံက အခုလိုပွင့်လင်းလာတဲ့အချိန်မှာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ကမ္ဘာ့ဈေးကွက်ကိုဝ ဝင်ရောက်လာနေတာနဲ့အတူ ခရီးသွားလုပ်ငန်းလို ကဏ္ဍတွေမှာလည်း ပိုပြီးငွေကြေးသုံးစွဲမှုများလာကြပါတယ်။ ဒီလိုအခြေအနေမှာ အခုထုတ်လုပ်လိုက်တဲ့ ငွေပေးချေရေးကတ်တွေက စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတိုးတက်လာဖို့ကို အထောက်အပံ့ပေးမှာဖြစ်ပါတယ်” ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် AYA World Travel Prepaid ကတ်များကို နိုင်ငံတကာ၌အသုံးပြုမည်ဆိုပါက ယူရို၊ အမေရိကန်ဒေါ်လာနှင့် စင်ကာပူဒေါ်လာအစရှိသည့် နိုင်ငံခြားငွေကြေးအမျိုးအစားသုံးမျိုးဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာသုံးအီလက်ထရွန်နစ်စနစ် ငွေပေးချေရေးကတ်များကို ထုတ်လုပ်နေသည့် VISA ကုမ္ပဏီသည် ဧရာဝတီဘဏ်၏ နိုင်ငံတကာသုံး စမတ်ကတ်ဖြင့် ငွေပေးချေရေးစနစ်ကို အသုံးပြုနိုင်ရန်အတွက် အကျိုးတူပူးပေါင်းခြင်း သဘောတူညီချက်ကို ယခုလ ပထမပတ်က တရားဝင်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် ကမ္ဘာသုံးအီလက်ထရွန်နစ်စနစ် ငွေပေးချေရေးကတ်များဖြစ်သည့် VISA နှင့် Master ကတ်များကို ပြည်ပမှလာရောက်သော နိုင်ငံခြားသားများ အသုံးပြုနိုင်နေပြီဖြစ်ပြီး နိုင်ငံတကာသို့ သယ်ဆောင်အသုံးပြုနိုင်သည့် ယင်းကဲ့သို့ကတ်များကို CB ဘဏ်ကလည်း ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။
ref: ယုဇနကိုကို
0 comments:
Post a Comment