Powered by Blog - Widget

Tuesday, May 20, 2014

သိမှတ်စရာ နည်းပညာ အပိုင်း (၈)



Aung Ko Htet (MM IT Knowledge)

Hybrid Vehicle
==============
Hybridဆိုတဲ့ အခေါ်အဝေါ်နဲ့ ကားတွေကိုတော့ အားလုံး ကြားဖူးနေမှာ ဖြစ်ပေမယ့် တကယ်တမ်း Hybridဆိုတဲ့ မော်တော်ကားတွေရဲ့ ဆိုလိုရင်းနဲ့ လုပ်ဆောင်ပုံတွေ၊ ပုံမှန်ကားတွေနဲ့ ကွာခြားပုံတွေကိုတော့ သိတဲ့၊ နားလည်တဲ့သူ နည်းပါလိမ့်မယ်။ အကြောင်းကတော့ ဖုန်းတွေမှာ Andrioidနဲ့ iOSစနစ်တွေ အကြောင်း ကြားဖူးသူ များမှာ ဖြစ်ပေမယ့် အဲဒီ OSစနစ်တွေရဲ့ ကြားက ကွာခြားပုံတွေ၊ လုပ်ဆောင်ပုံတွေ အကြောင်းကိုတော့ နားလည်သူ နည်းပါတယ်။ ဒီလိုပါပဲ၊ Hybridအကြောင်း မသိသေးတဲ့ သူတွေ အတွက်တော့ အခု ကျွန်တော်ပြောပြမယ့် အကြောင်းအရာလေးတွေက အဆင်ပြေပါလိမ့်မယ်နော်။ ကောင်းပါပြီ၊ ကျွန်တော်တို့ Hybridတွေရဲ့ အကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။

Hybridကားတွေရယ်လို့ ခေါ်ရတဲ့ အကြောင်းကို အရင်ဆုံး ပြောရမယ် ဆိုရင်တော့ Hybridနည်းပညာကို သုံးပြီး လည်ပတ်လုပ်ဆောင်သွားလာတဲ့ မော်တော်ကား အမျိုးအစား ဖြစ်တာကြောင့် Hybridတွေရယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဒါဆို Hybridက နည်းပညာ နာမည်ဆိုတာ သိပါပြီနော်။ ဒီတော့ ကျွန်တော်တို့ ဆက်ပြီးတော့ Hybrid နည်းပညာ အကြောင်းကို ကြည့်ရအောင်ပါ။ Hybridဆိုတဲ့ နည်းပညာက မတူညီတဲ့ စွမ်းအင် အရင်းအမြစ် နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့အရင်းအမြစ်တွေကို သုံးပြီး ယာဉ်ကို ရွေ့လျားအောင် လည်ပတ်စေတဲ့ နည်းပညာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ Hybrid Electric Vehicles (HEVs)လို့ ခေါ်ဝေါ်လေ့ ရှိပြီးတော့ ဘာကြောင့် အဲဒီလို ခေါ်တာလဲ ဆိုရင်တော့ စွမ်းအင် အရင်းအမြစ် အပိုင်းမှာ လျှပ်စစ် စွမ်းအင်နဲ့ ပုံမှန် စက်သုံးဆီ အမျိုးအစား တစ်မျိုးမျိုးကို သုံးစွဲ လည်ပတ်တာကြောင့် ဖြစ်ပါတယ်။

ဒီနေရာမှာ အတွင်းပေါက်ကွဲခန်း ပါဝင်တဲ့ ပုံမှန် အင်ဂျင်တစ်ခုကိုလည်း တပ်ဆင် ပါရှိမှာ ဖြစ်သလို နောက်ထပ် လျှပ်စစ် စွမ်းအင်သုံး အင်ဂျင်တစ်လုံးကနေ နှစ်လုံးထိအောင်လည်း တပ်ဆင်ပါရှိပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ အင်ဂျင် ဘယ်နှစ်လုံး တပ်ဆင်ပါရှိသည် ဖြစ်စေ၊ ဘယ်လို အမျိုးအစား များပြားတဲ့ အင်ဂျင်တွေ တပ်ဆင်ထားသည် ဖြစ်စေ၊ ယာဉ်ကို လည်ပတ်သွားလာနိုင်အောင် စွမ်းဆောင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ စပ်မိလို့ Hybridယာဉ်တွေ အသုံးပြုတဲ့ စွမ်းအင် အရင်းအမြစ်တွေ အကြောင်းကို ပြောပြချင်ပါတယ်။ အဲဒီ စွမ်းအင် အရင်းအမြစ်တွေက (၁) ကျောက်မီးသွေးနဲ့ ထင်း ဒါမှမဟုတ် အခြား သစ်သား မီးသွေးကို တွဲဖက်ပြီးတော့ ဖြစ်စေ၊ (၂) သဘာဝဓါတ်ငွေ့ကို ဖိအားပေး၍ တစ်ဖုံ၊ ငွေ့ရည်ဖွဲ့၍ တစ်ဖုံ ပေါက်ကွဲလည်ပတ်စေပြီးတော့ ဖြစ်စေ၊ (၃) လျှပ်စစ်စွမ်းအင် စနစ်ကို အသုံးပြုပြီးတော့ ဖြစ်စေ၊ (၄) လျှပ်စစ် သံလိုက် စွမ်းအင်နဲ့ ရေဒီယိုလှိုင်းတွေကို တွဲဖက် ပြီးတော့ ဖြစ်စေ၊ (၅) လျှပ်စစ် ဘက်ထရီ အခြေပြု စွမ်းအင်ကို အသုံးပြုပြီးတော့ ဖြစ်စေ၊ (၆) လူ့စွမ်းအင်ကို အသုံးပြုပြီးတော့ ဖြစ်စေ၊ (ဥပမာ - ခြေနင်းဖြင့် ဖြစ်စေ၊ တွန်းအား ယူ၍ ဖြစ်စေ)၊ (၇) ဟိုက်ဒရိုဂျင် စွမ်းအင်ကို အသုံးပြု၍ ဖြစ်စေ၊ (၈) စွမ်းအင် သိမ်းဆည်း၊ ပြန်ထုတ် စနစ်ကို အခြေပြု လည်ပတ်စေပြီးတော့ ဖြစ်စေ၊ (၉) ဓါတ်ဆီနဲ့ ဒီဇယ်ဆီ စွမ်းအင်ကို အသုံးပြုပြီးတော့ ဖြစ်စေ၊ (၁၀) နေရောင်ခြည် စွမ်းအင်ကို အသုံးပြု လည်ပတ်စေပြီးတော့ ဖြစ်စေ၊ (၁၁) လေစွမ်းအင် စနစ်ကို အသုံးပြုပြီးတော့ ဖြစ်စေ လည်ပတ်သွားလာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Hybridစနစ်သုံး စက်ဘီးတွေ၊ မိသားစုစီး မော်တော်ယာဉ်ငယ်တွေ၊ အကြီးစား ကုန်တင် မော်တော်ယာဉ်ကြီးတွေ၊ အကြီးစား ခရီးသည်တင် မော်တော်ယာဉ်နဲ့ ရထားတွေပါ တွေ့နိုင်နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ စပ်မိလို့ ပြောချင်တာလေး တစ်ခုက ရထားတွေမှာ Hybridစနစ်ကို သုံးပြီး လည်ပတ်နေပြီ ဆိုတာကို လက်ခံတဲ့ သူ နည်းတာကြောင့် Hybridစနစ်သုံး ရထားတွေ အကြောင်း အနည်းငယ် ပြောချင်ပါတယ်။ ဒါကလည်း ဒီလိုပါ၊ ကျွန်တော် Hybridတွေ အကြောင်းရေးနေရင်း ကျွန်တော်သူငယ်ချင်းတစ်ယောက်ကို Hybridစနစ်သုံး ရထားတွေ အကြောင်း ပြောဖြစ်တော့ သူက Hybridစနစ်ဆိုတာ ဆီစွမ်းအင် စနစ်ကို အတတ်နိုင်ဆုံး ချွေတာတဲ့ စနစ်ဆိုတော့ စွမ်းအင် အထွက်လည်း နည်းမယ်၊ ဒီတော့ ဘယ်လိုမှ ရထားတွေမှာ Hybridစနစ်နဲ့ လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုတာကြောင့် သူ့ကို ရှင်းပြသလို ရထားတွေမှာ Hybridနဲ့ သွားနေတဲ့ အကြောင်းကို ပြောချင်ပါတယ်နော်။

ဥရောပမှာ ဆိုရင် ကနေဒါ အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Bombardierက ပြင်သစ်မှာ သုံးဖို့ အတွက် ရည်ရွယ်ပြီးတော့ Autorail a grande capaciteဆိုတဲ့ Hybridစနစ်သုံး ရထားကို ထုတ်လုပ် သုံးစွဲနေတာ တွေ့နိုင်သလို အဆိုပါ ရထားမှာ ဆိုရင် ဒီဇယ်ဆီစနစ်နဲ့ လျှပ်စစ် စွမ်းအင် စနစ်ကို နှစ်မျိုး တွဲဖက် သုံးစွဲပြီးတော့ လျှပ်စစ် ဗို့အား ၁၅၀၀ဗို့ကနေ ၂၅၀၀၀ဗို့ထိအောင် ထုတ်လုပ်လည်ပတ်စေတာ တွေ့ရပါတယ်။ နောက်ပြီးတော့ နယ်သာလန်မှာလည်း အဆိုပါ ပုံစံတူ ရထားမျိုး လည်ပတ်သုံးစွဲနေတာ တွေ့နိုင်ဦးမှာပါ။ နောက်ပြီးတော့ အာရှတိုက်ထဲက တရုတ်မှာ ဆိုရင် ၁၉၉၉ခုနှစ်ကတည်းက Hybridအခြေပြု ရထားရဲ့ ဒီဇိုင်းကို ထုတ်လုပ်ရေးဆွဲနိုင်ခဲ့တာ တွေ့ရပြီးတော့ ၂၀၀၀ခုနှစ် အရောက်မှာ စမ်းသပ်ထုတ်လုပ်နိုင်ပြီ ဖြစ်သလို G12လို့ အမည်ပေးထားတဲ့ အဆိုပါ ရထားဟာ ဆိုရင် လျှပ်စစ် မဂါဝပ် ၂၀၀ကီလိုလောက်ထိအောင် ထုတ်လုပ်နိုင်တာ တွေ့ရပါတယ်။

နောက်ပြီးတော့ ဂျပန်မှာက KiHa E200ဆိုတဲ့ Hybridရထားအင်ဂျင်ဟာ ဆိုရင် လျှပ်စစ် စနစ် အခြေပြု အင်ဂျင် ဖြစ်ပြီးတော့ သူက Lithium ionဘက်ထရီကို သုံးပြီး စွမ်းအင် ထိန်းသိမ်း လည်ပတ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အမေရိကမှာ ဆိုရင်လည်း General Electricကနေ Ecomaginationအမည်ရှိတဲ့ Hybridစနစ်သုံး ရထား အင်ဂျင်တစ်မျိုးကို ၂၀၀၇ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တာ တွေ့နိုင်ပြီး အဆိုပါ အင်ဂျင်ဟာ ဆိုရင် Sodium nickel chlorideသုံး ဘက်ထရီကို အဓိကထား စွမ်းအင် သိုလှောင် လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါက ရထားတွေမှာ သုံးတဲ့ Hybridတွေ အကြောင်းပါ။ ဒီလောက်ဆိုရင် ရထားတွေမှာလည်း Hybridတွေ သုံးနိုင်တယ်ဆိုတာ လက်ခံလောက်ပါပြီနော်။

ပုံမှန် မိသားစုစီး မော်တော်ကားတွေမှာတော့ Hybridစနစ်က ပုံမှန် မော်တော်ကားတွေထက်စာရင် ဓါတ်ငွေ့ထုတ်လွှတ်မှုနှုန်း နည်းတာကြောင့် အခုနောက်ပိုင်းမှာ ဘယ်ကားကုမဏီတွေက မဆို Hybridမော်ဒယ်တွေကို တွဲဖက် ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ နောက်ပြီးတော့ ဓါတ်ငွေ့ထုတ်လွှတ်မှုနှုန်း နည်းတယ်ဆိုတဲ့ တစ်ချက်တည်းတင် မဟုတ်သေးပဲ တစ်ဖက်ကလည်း ဆီစားနှုန်း အထူး နည်းပါး ကောင်းမွန်တာကြောင့် ဆီဖိုးသက်သာနိုင်ပါတယ်။ ပြီးတော့ မော်တော်ယာဉ်တွေတင် မဟုတ်ပဲ စစ်ဖက်သုံး စက်တပ်မော်တော်ယာဉ် အမျိုးမျိုး၊ သဘောင်္တွေနဲ့ Aircraftတွေမှာပါ Hybridစနစ်ကို သုံးနေတာ တွေ့နိုင်ပါတယ်။

ref: လင်းလင်း (IA)

0 comments:

Post a Comment