Powered by Blog - Widget

Tuesday, May 20, 2014

ပြည်တွင်းပုဂ္ဂလိက ဘဏ်လုပ်ငန်းများ Internet Banking ဝန်ဆောင်မှု မကြာမီစတင်နိုင်တော့မည်



Aung Ko Htet (MM IT Knowledge)


ပြည်တွင်းဘဏ်လုပ်ငန်းများ အနေဖြင့် မကြာမီအချိန်အတွင်း အင်တာနက်ပေါ်မှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်မည့် Internet Banking စနစ်ကို စတင်တော့မည်ဖြစ်ကြောင်း အထက်ပါ ဘဏ်လုပ်ငန်းအချို့ထံမှ သတင်းရရှိသည်။



အဆိုပါ  Internet  Banking ဝန်ဆောင်မှုသည် သက်ဆိုင်ရာဘဏ်သို့ သွားရောက်ရန်မလိုဘဲ အင်တာနက်ပေါ်မှတစ်ဆင့်  အခြားသူတစ်ဦးထံသို့ ငွေလွှဲခြင်း၊ MPU ကတ်များသို့ ငွေဖြည့်သွင်းခြင်းနှင့် ဝန်ထမ်းများ၏ လစာများကို အွန်လိုင်းမှတစ်ဆင့် လွှဲပေးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဟုသိရသည်။



CB ဘဏ်လုပ်ငန်းသည် Internet Banking စနစ်ကို မကြာမီစတင်တော့မည်ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုအသစ်အတွက် စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း ယင်းဘဏ်၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးသိန်းမြင့်က ပြောသည်။



“ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲကနေ တခြားသူရဲ့အကောင့်ကို ငွေလွှဲတာမျိုးကအစ ဘဏ်ကိုသွားစရာမလိုဘဲ အင်တာနက်သုံးပြီး လုပ်နိုင်တာမျိုးပေါ့။ သိပ်မကြာခင်တော့ စနိုင်ပါလိမ့်မယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။



ယင်းကဲ့သို့ အင်တာနက်ပေါ်မှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် ဗဟိုဘဏ်သို့ စာတင်ပြထားပြီး ခွင့်ပြုချက်ကျသည်နှင့် အဆိုပါစနစ်ကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။



ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို အသုံးပြုသူများသည် အင်တာနက်ဆက်သွယ်မှုဖြင့် အဆိုပါစနစ်ကို အသုံးပြုနိုင်မည်ဆိုပါက တစ်ဖက်တွင်လုံခြုံစိတ်ချရသည့် အင်တာနက်လုံခြုံရေးစနစ်လည်း လိုအပ်နေကြောင်း ဘဏ်လုပ်ငန်းမှ တာဝန်ရှိသူတချို့က သုံးသပ်ပြောကြားသည်။



ထို့အပြင် အင်တာနက်ဆက်သွယ်မှုမြန်နှုန်း ကောင်းမွန်မှသာ အဆိုပါ Internet Banking ဝန်ဆောင်မှုစနစ်ကို လွယ်ကူစွာသုံးနိုင်မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူများက ဆက်လက်ပြောကြားသည်။



“အင်တာနက်မကောင်းရင်တော့ ဒီစနစ်တွေကရှိလည်း အပိုပါပဲ။ အင်တာနက်ဆက်သွယ်မှုကောင်းမှ ဒီလိုအဆင့်မြင့်လာတဲ့ ဝန်ဆောင်မှုတွေကို အများပြည်သူ လွယ်လွယ်ကူကူ သုံးလို့ရမှာပါ” ဟု ဦးသိန်းမြင့်က ဆိုသည်။



Internet Banking ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ မကြာသေးမီကမှ ခွင့်ပြုချက်တင်ပြထားခြင်းဖြစ်သည်။



ref: ယုဇနကိုကို

0 comments:

Post a Comment