Powered by Blog - Widget

Wednesday, May 28, 2014

တာဝါတိုင်တည်ဆောက်ရေး ယခင်ထက် လွယ်ကူလာ




Aung Ko Htet (MM IT Knowledge)



ပြည်ပမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများအတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည့် တာဝါတိုင်စိုက်ထူနိုင်ရေးအစီအစဉ်သည် တဖြည်းဖြည်းလွယ်လာသည်ဟု သိရသည်။



ဆက်သွယ်ရေးတာဝါတိုင်အတွက် မြေနေရာရရှိရေးနှင့် အဆင့်ဆင့်ညှိနှိုင်းဆောင်ရွက်ရသည့် ကိစ္စရပ်တို့သည် မိုဘိုင်းဖုန်းလိုင်းများ အချိန်မီချထားပေးနိုင်ရန်အတွက် အဓိကစိန်ခေါ်မှုဖြစ်သည်ဟု Telenor Myanmar နှင့် Ooredoo Myanmar တို့က လိုင်စင်စတင်ရရှိကာစက ပြောသည်။



“အခုဆိုရင် မြေနေရာအတွက် တဖြည်းဖြည်းလွယ်လာတယ်။  နောက်ပိုင်းဆိုရင် တစ်လကို တာဝါတိုင် ၃၀၀ ကနေ ၄၀၀ အထိ တည်ဆောက်လာနိုင်မယ်လို့ ခန့်မှန်းရတယ်။ Telenor က မိုဘိုင်းဖုန်းလိုင်းတေ စတင်ရောင်းချတဲ့အချိန်မှာဆိုရင် တာဝါတိုင် ၈၀၀ ကနေ ၁၀၀၀ ကြားရှိမယ်လို့ ခန့်မှန်းထားတယ်” ဟု Telenor Myanmar ၏ CEO ဖြစ်သူက ပြောသည်။



ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စိန်ခေါ်မှုများတည်ရှိနေသော်လည်း ကြီးမားသည့်ပြဿနာ မဟုတ်တော့ကြောင်း ဝန်ကြီးဌာန အနေဖြင့်လည်း အဆိုပါကိစ္စရပ်ကို အတွေ့အကြုံရှိသည့်အတွက် ကူညီဆောင်ရွက်ပေးနေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။



ဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်ရေးနှင့် ပတ်သက်၍ ပြည်ပမှ ဝင်ရောက်လာသည့် အော်ပရေတာများအနေဖြင့် အခက်အခဲများရှိသည်ဟု ပြောဆိုခဲ့သော်လည်း ပြည်တွင်းမှ ဆက်သွယ်ရေး အော်ပရေတာနှစ်ခုသည် တာဝါတိုင်တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အခက်အခဲရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။



ပြည်ပအော်ပရေတာနှစ်ခုသည် မိုဘိုင်းဆင်းမ်ကတ်များ အလုံးအရင်းနှင့် ချထားပေးမည့် သတ်မှတ်လကို ပြောဆိုထားသော်လည်း အရန်သင့်တာဝါတိုင်များနှင့် ဝန်ဆောင်မှု ဆက်လက်ပေးအပ်နေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဆင်းမ်ကတ်များ အလုံးအရင်းနှင့် ဖြန့်ဖြူးပေးနိုင်မည့် အကြောင်းအရာကို ပြောဆိုနိုင်ခြင်း မရှိသေးပေ။



ref: မြင့်ကျော်လှိုင်

0 comments:

Post a Comment