Powered by Blog - Widget

Tuesday, May 20, 2014

ဂုဏ်ဒြပ်တစ်ခုရဲ့ ပြယုဂ် BMW 3 Series 2014



Aung Ko Htet (MM IT Knowledge)
 
BMWဆိုတာ ဂျာမနီ အခြေစိုက် ကားကုမ္ပဏီ တစ်ခု ဖြစ်ပြီးတော့ အလွယ်တမ်း ပြောရမယ် ဆိုရင် နာမည်ကျော် Mercedes-Benzနဲ့ Audiလို Brandတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်နိုင်တဲ့ အနေအထားပါ။ သိသာကွဲလွဲတဲ့ ဒီဇိုင်းပိုင်း သီးခြား ရှိတယ်၊ ခေတ်ရှေ့ပြေးတဲ့၊ စံမီတဲ့ နည်းပညာ ဖွံ့ဖြိုးတပ်ဆင် ပါရှိမှု ရှိတယ်၊ ရေရှည်ခံနိုင်ရည်နဲ့ အာမခံချက် ရှိတယ်၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ရှိတယ်၊ ဒီလောက်ဆိုရင် BMWက နည်းတဲ့ အဆင့် မဟုတ်တော့ဘူး။ ထားပါတော့၊ ဒါက BMWအကြောင်း၊ အခု ကျွန်တော်ပြောမယ့် 3 Seriesအကြောင်း နည်းနည်းလောက် နိဒါန်းချီဦးမယ်၊ Sedanဆိုတာ မိသားစုစီး ကားရယ်လို့ ဆိုတာထက် ပိုကောင်းတဲ့ ရုပ်ထွက်မျိုး ရှိတဲ့ ကားအမျိုးအစား၊ အလွယ်ဆုံး ယှဉ်ပြောရရင် Hatchbackတစ်စီးနဲ့ ပွဲလမ်းတစ်ခု သွားတာထက် Sedanနဲ့ ပွဲလမ်းတစ်ခု တက်တာက ပိုပြီး လိုက်ဖက် တင့်တယ်မှု ရှိမယ် မဟုတ်လား။ ဟုတ်ပါတယ်၊ အကြောင်းကတော့ ဒီဇိုင်းပိုင်း စကားပြောတာပါ၊ အခု 3 Seriesက Sedanအမျိုးအစား၊ နောက်ပြီး ဆွဲဆောင်မှု ကောင်းတဲ့ ဒီဇိုင်းလည်း ရှိတယ်၊ နောက်ပြီး Sedanတစ်စီးအတွက် စွမ်းဆောင်ရည် ဘယ်လောက်များတဲ့ အင်ဂျင်ကို တပ်ဆင်ထားတာမျိုး လိုချင်ပါသလဲ၊ အလတ်တန်းစားလောက်ဆိုရင် အဆင်ပြေတယ် မဟုတ်လား၊ အခုလည်း 3 Seriesက အလတ်တန်းစားလောက် သတ်မှတ်နိုင်မယ့် အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ ဒါတွေက အောက်ဖက်မှာ ကျွန်တော် တစ်ချက်ချင်းစီ ပြန်ရှင်းပါ့မယ်နော်၊ Overviewထက် ကျွန်တော်တို့ Detailဖြစ်အောင် ကြည့်ရအောင်ပါနော်။




Pros and Cons
------------------
3 Seriesက အမြန်နှုန်း မြှင့်တင်မောင်းနှင်ရမှု ကောင်းမွန်သလို လက်ကိုင်ပိုင်းကလည်း မြို့တွင်းလမ်းကြောင်းတွေနဲ့ အထူးကိုက်ညီ သင့်တော်ပါတယ်။ လမ်းကြောကျပ်ကျပ်၊ ရှုပ်ရှုပ်ထွေးထွေး နေရာတွေ အတွက် အဆင်ပြေမှာ ဖြစ်သလို ကိုယ်ထည်ပိုင်းကလည်း အရည်အသွေးကောင်းတာမို့ လုံခြုံစိတ်ချရမှု ရှိပါလိမ့်မယ်။ ဆီစားနှုန်း အပိုင်းကတော့ ဥရောပထုတ် အခြား Sedanတွေနဲ့ ယှဉ်ကြည့်ရင် သိသိသာသာ ကောင်းမွန်တာ တွေ့နိုင်ပြီးတော့ အတွင်းပိုင်း အပြင်အဆင်နဲ့ အသုံးပြု တည်ဆောက်ထားတဲ့ ဆက်စပ် ပစ္စည်းတွေကလည်း အရည်အသွေးကောင်းမွန်ပါတယ်။ နောက်ပြီးတော့ ထိုင်ခုံပိုင်းမှာက စိတ်ကြိုက်ချိတ်ညှိနိုင်မှု၊ ဒီဇိုင်းပိုင်း အချိုးကျမှု၊ သက်တောင့်သက်သာ ဖြစ်မှု၊ အပူပေးစနစ် တပ်ဆင် ပါရှိမှုနဲ့ ခရီးဝေး မောင်းနှင်မှုတွေ အတွက် သင့်တော်မှုတွေက အားသာချက်တွေ ဖြစ်ပါတယ်နော်။
အားနည်းချက် အပိုင်းမှာက Hybridတစ်စီးမှာ ရှိသင့်တဲ့ Featureတစ်ခု ဖြစ်တဲ့ ActiveHybrid3ကို တပ်ဆင် ပါရှိမှု မရှိတာက အခြား တန်းတူ မော်ဒယ်တွေနဲ့ နှိုင်းစာရင်တော့ မျက်နှာငယ်စေပါတယ်။ Navigation System ပါဝင်မှု မရှိတာကလည်း Luxuryတစ်စီးရယ်လို့ သတ်မှတ်ဖို့ရာ အနည်းငယ် အခက်တွေ့စေပါလိမ့်မယ်။ နောက်ပြီးတော့ အလိုအလျောက် Stop-Startစနစ်ကလည်း ပုံမှန်ထက် စာရင်တော့ သိပ်ပြီး သဘောမကျလှပါဘူး။





Body
------
အရောင်အပိုင်းမှာတော့ အပြင်ဘက်မှာ အဖြူရောင်၊ အနက်ပြောင်ရောင်၊ ငွေမင်ရောင်နဲ့ အခြား လူကြိုက်များတဲ့ အရောင်စုစုပေါင်း ၁၂ရောင်ထိအောင် ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ အတွင်းပိုင်းမှာတော့ Luxuryတန်းဝင် မော်ဒယ်တစ်ခုအလား ထင်မှတ်ရလောက်အောင် သားရေနဲ့ အထည်အသားကို ရောပြီး အမျိုးအစား ၅မျိုးထိအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစား အပိုင်းမှာက အလျား ၁၅ပေနဲ့ ၂လက်မခွဲ၊ မျက်နှာစာ အကျယ် ၅ပေနဲ့ ၁၁လက်မကို သုံးစိတ်စွန်းမှာ ဖြစ်ပြီးတော့ ကားရဲ့ အမြင့်ကတော့ ၄ပေနဲ့ ၈လက်မကို သုံးစိတ်စွန်းမှာပါ။ အတွင်းခန်း အကျယ်အ၀န်းတွေက ရှေ့ဖက်ခန်းရော နောက်ဖက်ခန်းပါ ၅၅လက်မ တစ်စိတ်စွန်းစီ ရွယ်တူ ရှိမှာပါ။ ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၃၃၀၀ကို နည်းနည်းလေးပဲ လျော့မှာ ဖြစ်ပြီးတော့ ၀န်တင်ရုန်းကန်နိုင်မှုကတော့ ပေါင် ၉၀၀ကျော် ဖြစ်ပါတယ်။ 


 Engine
--------
တပ်ဆင်ထားတဲ့ အင်ဂျင် အပိုင်းကို ကြည့်မယ်ဆိုရင် ၂.၀လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီးတော့ အင်ဂျင်ရဲ့ လည်ပတ်ပုံ အပိုင်းမှာ တစ်မိနစ်ရဲ့ လည်ပတ်အား အပတ်ရေ ၁၂၅၀မှာ အင်ဂျင်ရဲ့ ရုန်းအား ၁၈၄ပေ-ပေါင် ရှိမှာ ဖြစ်ပြီးတော့ ထွက်ရှိလာမယ့် စွမ်းအင် ပမာဏကတော့ မြင်းကောင်ရေ ၁၈၀အား ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နှုန်းကို ပြောပါဆိုရင်တော့ တစ်မိနစ်ကို အပတ်ရေ ၅၀၀၀ဖြစ်တာကြောင့် ဆီစားနှုန်းကတော့ အထူးသက်သာ ကောင်းမွန်ပါလိမ့်မယ်နော်။ ဒါပေမယ့် နောက်ဘီးယက် စနစ်ဖြစ်တာကြောင့် ပုံမှန် ရှေ့ဘီးယက် စနစ်တွေထက် စာရင်တော့ ဆီစားနှုန်း များနိုင်ပါတယ်။ Transmissionအပိုင်းမှာက Autoစနစ်ကို သုံးပြီးတော့ စုစုပေါင်း ဂီယာချက် ၈ချက်ထိအောင် သုံးနိုင်မှာ ဖြစ်တာကြောင့် နယ်ဝေးခရီးသွားလာမှုတွေ အတွက် အထူးကောင်းမွန်ပါလိမ့်မယ်။ 





Fuel
-----
ဒီအပိုင်းကတော့ Prosအပိုင်းမှာတောင် ကျွန်တော် ထည့်ပြောထားတာ ဖတ်မိပြီးသား ဖြစ်ပါတယ်နော်။ 3 Seriesက ဆီစားနှုန်း အထူး သက်သာကောင်းမွန်တာတွေ့နိုင်ပြီးတော့ ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို မိုင်၃၀လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ 3 Seriesက နောက်ဘီးယက် စနစ် ဖြစ်တာကြောင့် မြို့တွင်းလမ်းကြောင်းမှာ ဆီစားနှုန်း နည်းနည်း ပိုများနိုင်ပြီးတော့ Cityအတွက် ဆိုရင် ဆီတစ်ဂါလံကို ၂၄မိုင်နဲ့ အဝေးပြေး လမ်းကြောင်းတွေမှာ ဆိုရင် ဆီတစ်ဂါလံကို ၃၆မိုင်လောက်ထိအောင် စီးနင်းသွားလာနိုင်မှာ ဖြစ်ပါတယ်။ အလယ်အလတ်တန်းစား Sedanတစ်စီး ဖြစ်ပြီးတော့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၅.၈ဂါလံ ဖြစ်တာကြောင့် နယ်ဝေးသွားလာနိုင်မှုတွေမှာ အဆင်ပြေမှာပါ။ 





Safety
--------
အာမခံ အပိုင်းမှာ ၄နှစ် မိုင် ၅၀၀၀၀ထိအောင် ပေးထားတာ တွေ့ရတာကြောင့် အာမခံ သက်တမ်းကောင်းမွန်တဲ့ မော်ဒယ် တစ်စီးပါ။ Suspensionအပိုင်းမှာက MacPherson strutကို ရှေ့ဖက် အထိုင် အနေနဲ့ သုံးပြီးတော့ နောက်ဖက်အတွက်ကိုတော့ Multi-linkစနစ်နဲ့ သွားမှာပါ။ နောက်ပြီးတော့ ဘီးလေးဘီးစလုံး အတွက်ကတော့ Four-wheel Independent Suspensionစနစ်ကို သုံးထားတာ တွေ့ရပြီးတော့ ရှေ့ဘက်၊ နောက်ဘက်တွေ အားလုံးကို Stabilizerတွေနဲ့ ထိန်းထားပါသေးတယ်။ သက်တောင့်သက်သာ စီးနင်းနိုင်မှု အတွက်ကတော့ Crusie Controlစနစ်လို အကူစနစ်ကို သုံးနိုင်မှာ ဖြစ်ပြီးတော့ လမ်းကြောင်းထိန်းချုပ်မောင်းနှင်နိုင်မှု အတွက်ကတော့ Traction Controlနဲ့ Stability Controlတွေကို သုံးနိုင်မှာပါ။ ဘရိတ်စနစ်မှာ လေးဘီးချုပ် ABSစနစ်ကို တပ်ဆင်ထားပြီးတော့ အသက်ကယ် လေအိတ်စနစ်မှာတော့ ရှေ့ဖက်၊ နောက်ဖက် ဦးခေါင်းပိုင်း အသက်ကယ် လေအိတ်စနစ်၊ ရှေ့ဖက် ဘေးခြမ်း အသက်ကယ် လေအိတ်စနစ်နဲ့ အရေးပေါ် အကူ ဘရိတ်စနစ်၊ ရှေ့ဖက်၊ နောက်ဖက် Discဘရိတ် အကူစနစ်နဲ့ လျှပ်စစ် စနစ်အခြေပြု ဘရိတ်ထိန်းချုပ်အား ဖြန့်ဝေမှုစနစ်တွေကို သုံးနိုင်မှာ ဖြစ်ပါတယ်။

ref: လင်းလင်း (IA)

0 comments:

Post a Comment