Powered by Blog - Widget

Wednesday, May 28, 2014

မြန်မာပါဝင်သည့် အရှေ့တောင်အာရှဒေသ၏ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်ကို NGC, FOX ရုပ်သံလိုင်းများနှင့် အင်တာနက်ပေါ်တွင် ထုတ်လွှင့်မည်




Aung Ko Htet (MM IT Knowledge)



နိုင်ငံတကာ ရုပ်သံလိုင်းများဖြစ်သော National Geographic Channel နှင့် Fox ရုပ်သံလိုင်းအပါအဝင် အခြားသော လူမှုရေးနယ်ပယ်မှ အဖွဲ့အစည်းအချို့နှင့် ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကျော်လက်ဝှေ့ကစားသမား မန်နီပက်ကွီအိုတို့ ပူးပေါင်းထားသည့် မြန်မာနိုင်ငံပါဝင်သော အာရှဒေသတွင်း သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်သည့် Safe Steps အမည်ရှိ အစီအစဉ်တစ်ခုကို သက်ဆိုင်ရာရုပ်သံလိုင်းများနှင့် အင်တာနက်စာမျက်နှာများပေါ်တွင် လွှင့်တင်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။



အရှေ့တောင်အာရှဒေသသည်  ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်များကို အဆိုးရွားဆုံး ခံရသည့် ဒေသကြီးတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ ကြိုတင်ကာကွယ်သည့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပြသရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါအစီအစဉ်တွင် အာရှဒေသတွင်း အလှူငွေကြေးများ ထောက်ပံ့ပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Purdential Corporation Asia (PCA) လည်း ပါဝင်ကြောင်း သိရသည်။ နာမည်ကျော် နိုင်ငံတကာ ရုပ်သံလိုင်းနှစ်ခုပါဝင်သည့် အဆိုပါအစီအစဉ်တွင် သဘာဝဘေးအန္တရာယ်များကို ဘေးအန္တရာယ်ကင်းစွာ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်အစရှိသည့် နိုင်ငံများအပါအဝင် အာရှဒေသတစ်ခုလုံးတွင် ဖြန့်ဖြူးမျှဝေပေးမည့် ပထမဆုံး အစီအစဉ်တစ်ခုဖြစ်သည်။



အာရှဒေသတွင်း သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်မည့် အဆိုပါအစီအစဉ်ကို  FOX (Fox International Channel) အသံလွှင့်ကွန်ရက်မှလွှင့်တင်သော National Geographic Channel, Net Geo Wild, Net Geo People, Fox, Fox Crime, Fox Movies Premium, Fox Sports, FX, Star Movies, Star Chines Movies, Star Sports, Star World နှင့် Channel V အစရှိသည့် ရုပ်သံလိုင်းများနှင့် အဆိုပါရုပ်သံလိုင်းများ၏ အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက်များပေါ်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။



“ဒီအစီအစဉ်က တန်ဖိုးမဖြတ်နိုင်တဲ့ အစီအစဉ်တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ရုပ်သံကွန်ရက်တွေနဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေပေါ်ကနေ ဒီအစီအစဉ်ကို ထုတ်လွှင့်တဲ့အခါ အာရှဒေသတွင်းက နိုင်ငံတွေက အိမ်ခြေအရေအတွက် နှစ်ဆယ့်လေးသန်းကျော်က ကြည့်ရှုနိုင်မှာဖြစ်ပါတယ်” ဟု Fox အသံလွှင့်ကွန်ရက်၏ ဆက်သွယ်ရေးဆိုင်ရာ အလုပ်အမှုဆောင်ဥက္ကဋ္ဌ Mr. Joon Lee က ပြောသည်။



အာရှဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအစီအစဉ်နှင့် ပတ်သက်သည့် ရုပ်သံထုတ်လွှင့်မှုများကို www.safestaps.com ဝက်ဘ်ဆိုက် စာမျက်နှာပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး အလွယ်တကူ Download များ ပြုလုပ်နိုင်မည်ဖြစ်သည်။



Safe Steps မှ ထုတ်လွှင့်မည့် သဘာဝဘေးအန္တရာယ် ကျော်လွှားနိုင်မည့် အချက်အလက်များသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းက အတည်ပြုချက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။



ref: ယုဇနကိုကို

0 comments:

Post a Comment