Powered by Blog - Widget

Monday, May 5, 2014

စတုတ္ထမြောက် အခြေခံအဆောက်အဦး တိုးချဲ့ရန် မြန်မာအင်ဖိုတက်ခ် ပြင်ဆင်



Aung Ko Htet (MM IT Knowledge)


မြန်မာအင်ဖိုတက်ခ် (MICTDC) သည် စတုတ္ထမြောက် အခြေခံအဆောက်အဦးကို လက်ရှိတည်ဆောက် ထားသည့် အဆောက်အဦးများ၏ အနောက်ဘက်ရှိ ၎င်းတို့ပိုင်ဆိုင်သော မြေဧကအလွတ်ပေါ်တွင် တည်ဆောက်သွားရန် ပြင်ဆင်နေသည်ဟု သိရသည်။



အဆိုပါ စတုတ္ထမြောက် အခြေခံအဆောက်အဦးအတွက် အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံခန့် ကုန်ကျနိုင် သည်ဟု ခန့်မှန်းထားကြောင်း မြန်မာအင်ဖိုတက်ခ် ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းဦးက ဆိုသည်။ ၎င်းတို့သည် တတိယမြောက် အခြေခံအဆောက်အဦးကို ၂၀၁၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ကြပြီး ယခုအခါ အဆိုပါ အဆောက်အဦးများ၌ ရုံးခန်းတည်နေရာများ ချထားပြီးဖြစ်၍ စတုတ္ထမြောက် အဆောက်အဦး တည်ဆောက်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။



“ပရောဂျက်ကို ကိုယ်တိုင်လုပ်ရင် ကောင်းမလား။ ပူးပေါင်းလုပ်ရင် ကောင်းမလားဆိုတာ မဆုံးဖြတ်ရသေး ဘူး။ ကိုယ်တိုင်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒေါ်လာ သန်း ၁၀၀ ဆိုတော့လည်း ပိုက်ဆံက မရှိပြန်ဘူး။ ကိုယ်တိုယ် လုပ်ကြမယ်ဆိုရင်တော့ ရှယ်ယာရှင်တွေကို ရှယ်ယာပြန်ခေါ်ရမှာပဲ” ဟု မြန်မာအင်ဖိုတက်ခ်မှ မန်နေဂျင်းဒါရိုက်တာ ဦးခွန်ဦးက ပြောသည်။



လက်ရှိအချိန်၌ ပြည်ပမှ ကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ ကုမ္ပဏီတစ်ခုတို့သည် စတုတ္ထမြောက် တိုးချဲ့အခြေခံအဆောက်အဦးအတွက် ပြီးပြည့်စုံသော အဆိုပြုချက်များ တင်သွင်း၍ ၎င်းတို့ ဝင်ရောက်လုပ်ကိုင်ရန် တင်ပြထားသည်ဟု သိရသည်။ ရုံးခန်းများနှင့် Hall ခန်းများ ပါဝင်သည့် အဆိုပါ အဆောက်အဦးကို မည့်သည့်ပုံစံနှင့် မည်သည့်အချိန် စတင်ဆောက်လုပ်မည်ကို တိကျစွာ မပြောနိုင်သေးကြောင်း ဦးခွန်ဦးက ပြောသည်။



အချို့သောကုမ္ပဏီများသည် စတုတ္ထမြောက် အခြေခံအဆောက်အဦးကို အထပ်အရေအတွက် အများအပြားတည်ဆောက်မည်ဟု အဆိုပြုကြပြီး အချို့သောကုမ္ပဏီများသည် ၈ ထပ် သို့မဟုတ် ၁၀ ထပ်ပါဝင်သော အဆောက်အဦးအများအပြား တည်ဆောက်ကြမည်ဟု အဆိုပြုထားကြသည်။ မြန်မာနိုင်ငံ၏ ICT Industry သည် အခြေခံအဆောက်အဦး အများအပြား လိုအပ်နေသည့်အခြေအနေ၌ တည်ရှိပြီး လုပ်ငန်းအများစုသည် မြန်မာအင်ဖိုတက်ခ်ကဲ့သို့သော တည်နေရာများ၌ နေရာရရှိရန် စောင့်ဆိုင်းနေကြသည်ဟု သိရသည်။



ref: မြင့်ကျော်လှိုင်

0 comments:

Post a Comment