Powered by Blog - Widget

Monday, September 15, 2014

မြန်မာဂိမ်းကုမ္ပဏီသုံးခု တိုကျိုဂိမ်းပြပွဲသို့ သွားရောက်ပြသမည်



Aung Ko Htet (MM IT Knowledge)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပလေ့ရှိသည့် ကမ္ဘာ့ အကြီးဆုံး ဂိမ်းပြပွဲတစ်ခုဖြစ်သော Tokyo Game Show 2014 သို့ ပြည်တွင်းမှ ဂိမ်းကုမ္ပဏီသုံးခု  ၀င်ရောက်ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ သတင်းရရှိသည်။

‘‘ပြည်တွင်းက ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီသုံးခုလောက် သွားပြမယ်။ အဓိကရည်ရွယ်တာကတော့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာအောင်လို့ လုပ်ပေးတာ ဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။
Tokyo Game Show ကို ၁၉၉၆ ခုနှစ်မှစတင်၍ နှစ်စဉ်ပြု လုပ်ခဲ့ပြီး အဆိုပါပွဲတွင် နိုင်ငံတကာမှ ဂိမ်းစက်များ၊ ဆော့ဖ်ဝဲများ ထုတ်လုပ်ရေးဆွဲသည့် ထိပ်တန်းနည်းပညာ ကုမ္ပဏီများက ၎င်းတို့၏ နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်များကို မိတ်ဆက်လေ့ရှိသည်။ ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သော ပြပွဲနိုင် Sony မှ PS4 ဂိမ်းစက်နှင့် Microsoft မှ Xbox One ဂိမ်းစက်တို့ကိုလည်း မိတ်ဆက်ခဲ့သည်။

အဆိုပါ ပြပွဲတွင် ပြည်တွင်း ကုမ္ပဏီသုံးခုမှ ရေးဆွဲထားသည့် ဂိမ်းအမျိုးအစား ဆယ်ခုကျော်ကို ၀င်ရောက်ပြသသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘ဒီပြပွဲဟာ နိုင်ငံတကာက ဂိမ်းစက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ၊ ဂိမ်းပရိုဂရမ်ရေးဆွဲနည်း သင်ကြားတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကိုလာပြီး ပြသလေ့ရှိတဲ့အတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်’’ ဟု ဦးမျိုးမြင့်ထွန်းက ပြောသည်။

Tokyo Game Show 2014 ကို ယခုနှစ်တွင် စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ဂိမ်းပြပွဲ၌ ဂျပန်နိုင်ငံအပါ အ၀င် အာရှတိုက်အတွင်းရှိ ၁၆ နိုင်ငံ၊ မြောက်အမေရိကတိုက်မှ လေးနိုင်ငံနှင့် ဥရောပတိုက်ရှိ ၁၃ နိုင်ငံတို့မှ ဂိမ်းထုတ်လုပ်ရေးဆွဲ သည့် ကုမ္ပဏီများ တက်ရောက်ခဲ့ကြပြီး Nintendo, Xbox One, Play Station, IOS, Android , Smart Phone, Browser Game နှင့် ကွန်ပျူတာ ဂိမ်းဆိုင်ရာ Software, Hardware ထုတ် ကုန်များကို မိတ်ဆက်ခဲ့သည်။

credit to 7 daily

0 comments:

Post a Comment