Powered by Blog - Widget

Wednesday, September 17, 2014

Facebook ကိုစီးပွားရေးလုပ်ငန်းအတွက် အသုံးပြုမယ် ဆိုရင်



Aung Ko Htet (MM IT Knowledge)


ရေးသူ-အောင်ခမ်း(Digital Marketing Specialist)

မြန်မာပြည်မှာလက်ရှိ Facebook အသုံးပြုသူလူဦးရေဟာ ၁.၇ သန်းနဲ့ ၂ သန်းကြားမှာရှိပါတယ်။ တစ်နှစ်ပြီးတစ်နှစ် အဲဒီကိန်းဂဏန်းဟာပိုပိုလို့သာတိုးတက်လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေ မေ့ထားလို့ မရတဲ့ ဈေးကွက် တစ်ခု ဖြစ်လာပါတယ်။ မိမိရဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုကို Facebook မှာကြော်ငြာမယ၊် ဈေးကွက် ချဲ့ထွင်မယ် ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ ဒါပေမဲ့ မှန်ကန်တဲ့ နည်းလမ်းနဲ့ မပြုလုပ် နိုင်ရင် ထိရောက်မှုနည်းပါလိမ့်မယ်။ ဒါကြောင့်မို့ အတွေ့အကြုံပေါ် မူတည်လို့ အကောင်းဆုံး Facebook Marketing/ Managing technique တွေကို မျှဝေပေးလိုက်ရပါတယ်။

အရင်ဆုံးဘာမှ မစဉ်းစားခင် Time Table တစ်ခုဆွဲဖို့ လိုပါလိမ့်မယ်။

နေ့ရက် မနက် နေ့လည်မတိုင်ခင် မွန်းလွဲ ညနေ
တနင်္လာ..A................................B
အင်္ဂါ...............D................................C
ဗုဒ္ဓဟူး.. A.................................B
ကြာသပတေး....D ..............................B
သောကြာA ................................B
စနေ................D
တနင်္ဂနွေ...........C

A, B, C, D တွေကိုအကြောင်းမဲ့ ရေးထားတာမဟုတ်ပါဘူး။ သူ့ တစ်ခုချင်းစီမှာအဓိပ္ပါယ်တွေ ရှိနေပါလိမ့်မယ်။ ဒါဟာတင်ရမယ့် အချက်အလက် အမျိုးအစားတွေကိုအလွယ်မှတ်လို့ ရအေင် ပေးလိုက်တာပါ။ အရင်ဆုံးအချိန်ကိုလေ့လာရအောင်။

ဘယ်နေ့ နဲ့ ဘယ် အချိန် တွေမှာ Facebook လူသုံးအများဆုံးလဲ
**********************************************************************
ကမ္ဘာ့ ထိပ်တန်းနည်းပညာကုမ္ပဏီ Oracle ရဲ့ Social Management Suite ဖြစ်တဲ့ Vitrueရဲ့ ထုတ်ပြန် တဲ့ကမ္ဘာတစ်ဝန်းစစ်တမ်းကောက်မှုအရလူတွေ Facebook အသုံးပြုမှု အများဆုံးနေ့တစ်နေ့တာရဲ့ အချိန်ကာလအပိုင်းအခြားဟာညနေ ၃ နာရီ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် မနက် ၁၁ နာရီလောက်ကစလို့ တက်လာလိုက်တာ ၃ နာရီနောက်ပိုင်းမှာတဖြည်းဖြည်းကျပါတယ်။ ဒီတော့ မွန်းလွဲနောက်ပိုင်းမှာလူသုံးအများဆုံးလို့ သတ်မှတ် နိုင်ပါတယ်။ ဒီတော့ မွန်းလွဲနောက်ပိုင်းမှာ များလို့ အဲဒီအချိန်ပဲတင်မယ်လို့ ယူဆရင်တော့ မှားပါလိမ့်မယ်။ Facebook ရဲ့ algorithm အရမနက်မှာတင်တဲ့ ပို့စ်က like လုပ်ထားတဲ့ subscribe လုပ်ထားတဲ့ User တွေဆီကိုညနေမှာပေါ်ပါတယ်။ ဒီတော့ ညနေမှာတင်တဲ့ ပို့စ်ကညနေမှာချက်ချင်း User တွေရဲ့ Facebook News Feed မှာပေါ်မယ်လို့ အာမမခံနိုင် ပါဘူး။ ဒါကြောင့်မို့ မနက်ပိုင်းတင်တာအကောင်းဆုံး ဖြစ်ပါတယ်။ ရက်အားဖြင့် ကတော့ စနေ၊ တနင်္ဂနွေမှာနည်းပြီးရုံးဖွင့်ရက် Week day ငါးရက်မှာအသုံးပြုသူများပါတယ်။

အမျိုးသမီးပရိတ်သတ် များလား၊ အမျိုးသားပရိတ်သတ် များလား
*************************************************************************

ဒါဟာသေချာခန့်မှန်းရခက်ပါတယ်။ မြန်မာပြည်မှာအမျိုးသမီးအသုံးပြုသူနဲ့ အမျိုးသားအသုံးပြုသူကအချိုးကျကျ ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ မိမိရဲ့ ထုတ်ကုန် အမျိုးအစား၊ ဝန်ဆောင်မှုအမျိုးအစားပေါ်မှာမူတည်လို့ Like လုပ်တဲ့ လူတွေရဲ့ Gender ဟာကွာခြားမှုရှိပါလိမ့်မယ်။ ဥပမာအလှကုန် ပစ္စည်းဆိုရင် အမျိုးသမီးပရိတ်သတ်က များပါလိမ့်မယ်။ ဒီတော့ မိမိတင်မယ့် သတင်းအချက်အလက်နဲ့ ကြော်ငြာအချက်အလက် ဟာပရိတ်သတ် အမျိုးအစားပေါ် မူတည်လို့ ခွဲခြားတင်တတ်ဖို့ လိုပါလိမ့်မယ်။

ဘယ်လိုအချက်အလက်တွေ တင်ရမလဲ
*******************************************
ယခုမှ Table နဲ့ ဖော်ပြထားတဲ့ A, B, C, D တို့ကိုရှင်းပြမယ့် နေရာကိုရောက်ပါပြီ။ Facebook မှာတင် မကဘယ်လို Online/ Offline Platform မှာမဆိုလူတွေ ငြီးငွေ့နေတာကြော်ငြာပါ။ ဒါကြောင့်မို့ ကြော်ငြာဖြစ်နေသည့် တိုင် မငြီးငွေ့အောင် ဖန်တီးတတ်ဖို့အတွက် Creative Agency တွေ၊ Advertising Agency တွေပေါ်လာတာ ဖြစ်ပါတယ်။ ဒီတော့ မိမိ Facebook မှာတင်မယ့် အရာတွေ အတွက် သတိထားလိုက်နာရမှာကအောက်ပါ အချက်တွေ ဖြစ်ပါတယ်။

၁။ မြန်မာပြည်မှာ Facebook အသုံးပြုသူတွေရဲ့ အသက်အရွယ် အပိုင်းအခြားအရ ၁၈ နှစ်ကနေ ၃၄ နှစ်အထိကအများဆုံး ဖြစ်ပါတယ်။ ဒီတော့ ရေးရမယ့်၊ ဖန်တီးရမယ့် ကြော်ငြာအမျိုးအစားဟာလူငယ်တွေ ဖတ်ရှုလွယ်၊ နားလည်လွယ် မယ့် အရာမျိုး ဖြစ်ဖို့ လိုအပ် ပါတယ်။ ဆိုလိုရင်းကတော့ စာတစ်တန်၊ ပေတစ်တန် ဖြစ်နေတာထက် တိုရင်းလိုရှင်းနဲ့ ထိရောက် လွယ်ကူရပါမယ်။ မိုဘိုင်းနဲ့ ဝင်ဖတ်သူများတာကြောင့် စာများရင်သိပ် အဆင်မပြေပါဘူး။

၂။ ဓာတ်ပုံလည်းရွေးချယ် တတ်ဖို့ လိုအပ် ပါတယ်။ ဓာတ်ပုံအရွယ်အစားဆိုရင် 600x400 pxကနေ 800x600 ကြားအသုံးပြုတာအမှန်ကန်ဆုံး ဖြစ်ပြီးဓာတ်ပုံတင်ဖို့ မလိုရင် မတင်ပါနဲ့။ ပုံမလိုဘဲတင်လို့ရမယ့် အရာဆိုရင် ပုံမပါဘဲစာချည်းသက်သက် တင်နို်င် ပါတယ်။ ဒါပေမဲ့ စာချည်းသက်သက်ကျတော့ ကြာရင် ငြီးငွေ့မှာပါ။ ဓာတ်ပုံသုံးပြီးတင်တာကိုလုပ်နိုင်ပြီးအဲဒီပုံဟာစွဲဆောင်မှုအပြည့် ရှိရပါမယ်။ Facebook ရဲ့ လမ်းညွန်ချက်အရပုံရဲ့ ဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းထက်များတဲ့ အကျယ်မှာစာတွေ ပါလို့ မသင့်တော် ပါဘူး။ စာနည်းနည်းနဲ့ စွဲဆောင်မှုရှိတဲ့ မိမိရဲ့ ကုန်ပစ္စည်းဆိုင်ရာပုံတွေတင်ဖို့ လိုအပ် ပါတယ်။

၃။ Post အမျိုးအစားလို့ ဆိုတဲ့ နေရာမှာဓာတ်ပုံ၊ စာချည်းသက်သက် (Status) အပြင် Link sharing လည်းရှိပါတယ်။ Link Sharing ဆိုတာမိမိတို့ ကုန်ပစ္စည်းရဲ့ ပင်မဝက်ဆိုက်ဒ်ကစာမျက်နှာကိုတိုက်ရိုက် Link တင်တာ ဖြစ်ပြီးဒါမျိုးဟာ နိုင်ငံတကာမှာအောင်မြင်ပေမဲ့ မြန်မာပြည်မှာ User reach နည်းပါတယ်။ အကြောင်းကတော့ ယင်း Link ကနေဝက်ဆိုက်ဒ်ကိုခုန်ကူးတဲ့ နှုန်း မြန်မာပြည်မှာအင်မတန် နည်းနေသေးလို့ ဖြစ်ပါတယ်။ အင်တာနက်လိုင်း နှေးတာကတစ်ကြောင်း User တွေ ဟာ Facebook မှာပဲပျော်မွေ့တာကတစ်ကြောင်းကြောင့် Link ကိုတင်တဲ့ Post အမျိုးအစားကအရေးတစ်ကြီးလိုအပ်မှဖန်တီးတာကောင်းပါတယ်။

၎။ နောက်တစ်ချက် ပြောချင်တာကစာလုံးရေ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင် စာလုံးရေအလုံး ၁၅၀ ထက် မပိုဖို့ လမ်းညွန်းပါတယ်။ မြန်မာစာ (Zawgyi font) နဲ့ ဆိုရင်တော့ ၇၀ ဟာအနေတော်ပါပဲ။ မျက်စိထဲမမြင်သေးရင် နောက်တစ်နည်းဥပမာပေးလို့ ရတာကသူဟာကျွန်တော်တို့ ဖတ်နေကျ သတင်းစကသတင်းတိုလေးတစ်ပုဒ်စာလောက် ဖြစ်ပါတယ်။ အဲဒါဆိုရင်တောင် အတော်လေးရှည်ပါတယ်။

၅။ ဒီလောက်ဆိုရင် တင်ထားတဲ့ ကြော်ငြာတွေ အချက်အလက်တွေ စာဘယ်လောက် နည်းတယ် ဆိုတာ မြင်တွေ့ ရမှာပါ။ အများစုဟာစာလုံးရေသိပ်အများကြီးမရေးကြပါဘူး။ နောက်တစ်ချက်က Hash Tag ဖြစ်ပါတယ်။ # ခံပြီးတော့ စာရေးပြီးမိမိရဲ့ကုန်အမှတ်တံဆိပ်ကိုလူသိစေတာ ဖြစ်ပါတယ်။ အဲဒါကိုအသုံးပြုခြင်းဖြင့် User တွေရဲ့ ရှာဖွေမှုကိုလွယ်ကူစေပါတယ်။

၆။ နောက်တစ်ခုကတော့ ဗီဒီယိုတင်တာ ဖြစ်ပါတယ်။ ဗီဒီယိုတင်ရင် ၃ မိနစ်စာထက် ပိုတာတွေ ရှောင်နိုင်ဖို့လိုအပ် ပါတယ်။ အကြောင်းကတော့ လက်ရှိ မြန်မာပြည် အင်တာနက်လိုင်း နှုန်းနဲ့ ဆိုရင် အဆင်မပြေသေးလို့ပါ။ Facebook က မိနစ် ၂၀ လောက်အထိခွင့်ပြုထားပေမဲ့ ၅ မိနစ် လောက်ဆိုရင်တောင် ကြည့်သူတွေ အတော်လေး ငြီးငွေ့ပါပြီ။

ပို့စ် ဖန်တီးမှုကတီထွင်ဆန်းသစ်နိုင်မှုကအရေးကြီးပါတယ်။ စိတ်ကူးစိတ်သန်းတွေရှိရင် ရှိသလိုအဆင်ပြေတဲ့ အရာတွေတင်နိုင်ပါတယ်။ ရှောင်ရန် ကတော့ မိမိရဲ့ ကုန်ပစ္စည်းနဲ့ လုံးဝမသက်ဆိုင်တဲ့ ကြော်ငြာတွေ၊ အချက်အလက်တွေတင်တာ ဖြစ်ပါတယ်။ တစ်ရက်ကို ၁ပုဒ်၊ ၂ ပုဒ်၊ ၃ ပုဒ် ထက် ပိုလို့ မတင်သင့် ပါဘူး။

Facebook ကြော်ငြာသုံးဖို့ လိုအပ်
****************************************
Facebook ကြော်ငြာ က သုံးဖို့လိုအပ် ပါတယ်။ Facebook ဟာသူတို့ဆီမှာတရားဝင် ငွေသွင်းကြော်ငြာသူတွေရဲ့ ကြော်ငြာတွေ၊ Post တွေကို Subscribe လုပ်ထားသူရော မလုပ်ထားသူပါ သူတို့ရဲ့ စာမျက်နှာပေါ်မှာအလိုအလျောက် ပေါ်နေစေပါတယ်။ သူက Page တစ်ခုလုံး Like တိုးအောင် Boost လုပ်တဲ့ Boost Page ရှိသလို၊ တင်တဲ့ ကြော်ငြာတစ်ခုချင်းစီရဲ့ မြင်သူတိုးအောင် Boost လုပ်တဲ့ Boost Post ဆိုပြီးတော့ အကြမ်းဖျဉ်းရှိပါတယ်။ Boost Page ကိုအသုံးပြုမယ် ဆိုရင် ဒေါ်လာ ၁၀၀ ထည့်ရင် Like ၁ သောင်းရတယ်လို့ ပျမ်းမျှ တွက်ထားလို့ ရပါတယ်။ တကယ်လို့နောက်ပိုင်းမိမိရဲ့ ကုန်ပစ္စည်းကို Facebook ပေါ်မှာ Like လုပ်ထားသူများပြီဆိုရင်တော့ ကြော်ငြာဖို့ မလိုအပ်တော့ပါဘူး။ ပန်းသတင်းလေညင်းဆောင် ဆိုသလိုလူတွေနဲ့ Like, comment, share များနေတဲ့ ကြော်ငြာ၊ အချက်အလက်တွေဟာအလွယ်တကူ ပြန့်နှံ့ တာကြောင့် လူအများဆီကိုအလွယ်တကူရောက်ရှိသွားပါ လိမ့်မယ်။ ဒီအတွက် ကြော်ငြာချင်တယ် ဆိုရင် ဝင်ရမယ့် နေရာကwww.facebook.com/advertising ဖြစ်ပါတယ်။ ဒီအတွက် တကယ်လို့မိမိဆီမှာPaypalတို့လို Global payment account ရှိရင် မိမိကိုယ်တိုင် ကြော်ငြာအတွက် ငွေသွင်းဖန်တီးနိုင်ပြီးတကယ်လို့ မရှိရင်တော့ ပြည်တွင်းကဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကိုအားကိုးရပါ လိမ့်မယ်။ အောက်ကပုံမှာ ပြထားသလိုပါပဲ။ ကြော်ငြာအမျိုးအစားက News Feed Advertisement နဲ့ Displayment ဖြစ်ပါတယ်။ ကြော်ငြာတဲ့အခါ မိမိရဲကဝက်ဆိုက်ဒ်ကိုလူအရောက်များစေချင်တဲ့ ရည်ရွယ်ချက်ရှိရင်လည်းလွယ်တကူဖန်တီး နိုင်ပါတယ်။

ပရိုမိုးရှင်းတွေ၊ ပြိုင်ပွဲတွေ ဖန်တီးမယ် ဆိုရင်
************************************************
လိုအပ်မယ် ဆိုရင် မိမိရဲ့ စာမျက်နှာကို Like လုပ်ထားသူတွေကိုလက်ဆောင်ပေးတာတွေ၊ မဲဖောက်တာတွေ၊ ပြိုင်ပွဲလုပ်ပေးတာတွေ လုပ်နိုင် ပါတယ်။ Like လိုချင်ပါတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မလုပ်သင့် ပါဘူး။ ငါးကိုငါးစာချိတ်နဲ့ ခေါ်တဲ့ ဗျူဟာလို ဖြစ်နေပြီးဒါတွေဟာလည်းတကယ် အကျိုးသက်ရောက်မှုနည်းပါတယ်။ မဲဖောက်ပေးတဲ့ ကာလအတွင်း၊ ပြိုင်ပွဲကာလအတွင်းသာလူစည်ပြီးနောက်ဆိုရင် မရှိတော့ ပါဘူး။ ဒီကနေလည်း Like ရတာနည်းပါတယ်။ အဓိကရသွားတာက User engagement ဖြစ်ပါတယ်။ ဒီတော့ လုပ်တာတော့ လုပ်လို့ လိုအပ် ပေမဲ့Like ဘယ်လောက် ရရမယ် ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ မလုပ်မိပါစေနဲ့။ မိမိရဲ့ စားသုံးသူတွေကိုကျေးဇူးတုံ့ပြန်ဖို့ဖန်တီးခြင်းတစ်ခုသာမှတ်ယူပြီးအလွယ်ကူဆုံးအထိရောက်ဆုံးနည်းလမ်းကိုအသုံးပြုဖို့ လိုအပ် ပါတယ်။ ဒီမှာရအောင် ယူမှာက Impression နဲ့ reputation ဖြစ်ပါတယ်။ Like မဟုတ် ပါဘူး။

Like နဲ့ Engagement ကွာခြားမှု
***************************************
အရင်တုန်းက Like များအောင် ကြိုးစားကြတဲ့ ခေတ် ဖြစ်ပြီးယခုတော့ Engagement များအောင် ပြန်ကြိုးစားတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ ယင်းနှစ်ခုဟာညီနေဖို့ လိုအပ် ပါတယ်။ Page တစ်ခုမှာ Like တစ်သောင်း ရှိရင် ပို့စ်တစ်ခုချင်းစီရဲ့ User Reach လို့ခေါ်တဲ့ လူအရောက်နှုန်း ကြည့်ရှု၊ Engagement က အနည်းဆုံး ၁၀၀ ရှိရပါမယ်။ ၁၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဲဒီဟာသာမန် page တစ်ခုပါ။ People Reach ဟာ ၅၀ ရာခိုင်နှန်းအထက်ကိုတိုးပြီဆိုရင် အဲဒီစာမျက်နှာကိုအောင်မြင်တဲ့ စီးပွားရေးစာမျက်နှာ တစ်ခုလို့မှတ်ယူနိုင်ပါပြီ။ ဒီတော့ တိုးတက်လာတဲ့ Like အလျောက် People reach ကို ၅၀ ရာခိုင်နှုန်းအထက် တက်အောင် ဖန်တီးရမှာကလည်းပန်းတိုင် တစ်ခု ဖြစ်ပါတယ်။

အနှစ်ချုပ်
**********
အမှန်တော့ ထပ်ပြီးတော့ မှာချင်တာတွေ ပြောချင်တာတွေ အများကြီးပါ။ ယခုဖော်ပြမှုဟာအမှန်တကယ် Facebook Management Plan တစ်ခုရဲ့ ၁၀ ဂာခိုင်းနှုန်းသာရှိတဲ့ဗဟုသုတသာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ဒီ ၁၀ ရာခိုင်နှုန်းကိုသိထားပြီဆိုရင်တောင် စီးပွားရေးမှာ ပြန်လည် အသုံးချလို့ ရပါတယ်။ ဒီတော့ မိမိစာမျက်နှာ ရဲ့ Comment တွေ၊ Message တွေ၊ Insight တွေကိုအမြဲစစ်ဆေးနေဖို့မမေ့ပါနဲ့။ User တွေရဲ့ အလေ့အထနဲ့ တုံ့ပြန်မှုအပေါ်မှာမူတည်လို့ မိမိဟာအမြဲတမ်းပြောင်းလဲလွယ်၊ ဖန်တီးလွယ်သူ ဖြစ်ဖို့ လိုအပ် ပါတယ်။
(စာရေးသူသည် လက်ရှိတွင် entrepreneur နှင့် startup များအားမြေတောင်မြောက်ပေးသောideabox Myanmar တွင် ဒီဂျစ်တယ် ဈေးကွက်ချဲထွင်ရေး အကြံပေးအဖြစ် လုပ်ကိုင်လျက် ရှိသည်။ ယခင်က Rocket Internet Myanmar တွင် Head of SEO အဖြစ် လုပ်ကိုင်ခဲ့ပြီး (ရိုးရာလေး) www.yoyarlay.com နှင့် www.myanmar-entrepreneur.comဝက်ဆိုက်ဒ်တို့တွင် ယနေ့တိုင် စာပေ၊ ဆောင်းပါးများကိုဦးဆောင် ရေးသားလျက် ရှိသည်။
Facebook - www.facebook,com/aungkhamkyaw)
(Myanmar B2B Management Magazine,November 2014)
 

0 comments:

Post a Comment