Powered by Blog - Widget

Monday, September 8, 2014

MPT ဆင်းမ်ကတ်များ ဈေးတင်ရောင်းသည့် ကိုယ်စားလှယ် ဆိုင်များကို အရေးယူမည်



Aung Ko Htet (MM IT Knowledge)

မြန်မာ့ဆက်သွယ်ရေးက ၁၅၀၀ ကျပ်ဖြင့် ရောင်းချရန် ချထားပေးသော်လည်း တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်
အချို့က သတ်မှတ်ဈေးအတိုင်း မရောင်းချမှုများ ရှိသောကြောင့် အဆိုပါ အရောင်းကိုယ်စားလှယ်များကို အရေးယူရန်
စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြားသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ MPT ၁၅၀၀ ကျပ်တန် ဆင်းမ်းကတ် များကို စတင် ရောင်းချ ပေးလျက် ရှိရာ
အချို့ တရားဝင် အရောင်း ကိုယ်စားလှယ် ဆိုင်များက တယ်လီဖုန်း ဟန်းဆက် ဝယ်ယူမှ ဆင်းမ်ကတ် ရောင်းချပေး
ခြင်း၊ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချခြင်း ငွေဖြည့်ကတ် တန်ဖိုး အမြောက်အမြားဝယ်ယူမှ ဆင်းမ်ကတ် ရောင်း
ချပေးခြင်းများ ရှိသောကြောင့် ယင်းသို့ အရေးယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချထားပေးကတည်းက ၁၅၀၀ နဲ့ပဲ ရောင်းချဖို့ ပြောထားပါတယ်၊ ဆိုင်တွေကို စစ်ဆေးတဲ့အဖွဲနဲ့ လိုက်စစ်သွားမှာပါ၊
စည်းကမ်း ချိုးဖောက်တဲ့ ဆိုင်တွေကို အရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်း က စည်းကမ်း ချိုးဖောက်သည့် ဆိုင်
များ တွေ့ပါက သင့်လျော်သလို အရေးယူသွားမည်ဟု ပြောဆိုသော်လည်း မည်ကဲ့သို့ အရေးယူမည်ကို တိတိကျကျ
ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

“MPT ဆင်းမ်ကတ် ချပေးတဲ့ အရေအတွက်နည်းလို့ မှောင်ခိုဈေးကွက် ဖြစ်လာတာပါ။ MPT အနေနဲ့ ဒါကို မဖြစ်ချင်
ဘူးဆို ဆင်းမ်ကတ် အလုံအလောက် ချပေးဖို့ လုပ်သင့်တယ်” ဟု ရန်ကုန်မြို့လယ်ရှိ MPT ဆင်းမ်ကတ်များကို တ
ရားဝင် ရောင်းချခွင့်ရရှိထားသော အရောင်းကိုယ်စားလှယ်ဆိုင်ခွဲတစ်ခုမှ အထွေထွေ မန်နေဂျာတစ်ဦးက ထောက်
ပြ ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ရောင်းချရန် တရားဝင်လုပ်ပိုင်ခွင့် ပေးထားသော ကိုယ်စားလှယ်
ဆိုင်များ စည်းကမ်းချိုးဖောက်မှသာ အရေးယူနိုင်မည် ဖြစ်ပြီး ထိုကိုယ်စားလှယ် များထံမှ တစ်ဆင့်ခံ ဝယ်ယူရောင်း
ချနေသော အခြား တယ်လီဖုန်း ဆင်းမ်ကတ် ဆိုင်များကိုမှု အရေးယူနိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း
ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချသော ၁၅၀၀ ကျပ်တန်ဆင်းကတ်များကို ဆိုင်အချို့မှာသာ ၁၅၀၀ ကျပ်ဖြင့် ရောင်း
ချကြပြီး ဆိုင်အများစုမှာ နည်းလမ်းအမျိုးမျိုးဖြင့် ဆင်းမ်ကတ်များကို အမြတ်ထုတ် ရောင်းချလျက်ရှိကြောင်း ဖုန်းဈေး
ကွက်မှ စုံစမ်းသိရှိရသည်။

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လေးလအတွင်း ဆင်းမ်ကတ် အရေအတွက်
၅ သန်းအထိ ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly မှ ကူးယူမျှဝေသည်။

0 comments:

Post a Comment