Powered by Blog - Widget

Tuesday, September 16, 2014

နိုင်ငံခြား ကုမ္ပဏီများနှင့်အပြိုင် ဆင်းမ်ကတ်ရောင်းချမှုများ စတင်နေသော်လည်း MPT ၏ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်



Aung Ko Htet (MM IT Knowledge)

ပြည်ပဆက်သွယ်ရေး အော်ပရေများနှင့်အပြိုင် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုအဖြစ်ပြောင်းလဲ လုပ်ကိုင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည့် MPT သည် မိုဘိုင်းအင်တာနက် ဆက်သွယ်မှုမြန်နှုန်းများကို အဆင့်မြှင့်တင်ပေးခြင်း မရှိသေးခြင်းနှင့် ပတ်သက်၍ သုံးစွဲသူများက ဝေဖန်မှုများပြုလုပ် လာကြပြီဖြစ်ကြောင်း စုံစမ်းသိရသည်။
ထို့အပြင် Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီ၏ ဆင်းမ်ကတ်များကို ဝယ်ယူပါက အင်တာနက် တပ်ဆင်ခအတွက် သီးသန့်ပေးဆောင်ရန် မလိုသော်လည်း MPT သည် ယခုအချိန်အထိ အင်တာနက် တပ်ဆင်ခအတွက် ကျပ်တစ်သောင်းတိတိကို သတ်မှတ်ကောက်ခံ နေခြင်းကိုလည်း သုံးစွဲသူများက ကြိုက်နှစ်သက်ခြင်း မရှိဟုသိရသည်။

“သူတို့မှာ တာဝါတိုင်တွေ အဆင်သင့်ရှိနေပြီးသားမို့  မိုဘိုင်းအင်တာနက် စနစ်အတွက် အဆင့်မြှင့်တင်တာတွေ လုပ်ပေးဖို့ နိုင်ငံခြားကုမ္ပဏီတွေလောက် သိပ်မခက်ခဲပါဘူး။ အခုလို နိုင်ငံခြားကုမ္ပဏီ တွေနဲ့အပြိုင် လုပ်လာရပြီဆိုရင်  အင်တာနက် တပ်ဆင်ခအတွက် သပ်သပ်တောင်းတာတွေ မလုပ်သင့်တော့ဘူး။ ဝန်ဆောင်မှုကိုလည်း စတာနဲ့ကောင်းအောင် လုပ်ပေးသင့်ပြီ" ဟု မန္တလေးမြို့မှ ကွန်ပျူတာ ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
MPT သည် ၎င်းတို့၏ ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ကာတာဆက်သွယ်ရေး ကုမ္ပဏီ၏ ဝန်ဆောင်မှုများ စတင်အပြီး တစ်လအကြာတွင် စတင်ခဲ့သော်လည်း ယခင်ထက်ပို၍ မထူးခြားသော ဝန်ဆောင်မှုများ ဖြစ်သည်ဟု ရန်ကုန်မြို့နေ သုံးစွဲသူများက ဝေဖန်ကြသည်။

“MPT ဆင်းမ်ကတ်တွေ ရောင်းတော့လည်း ဝယ်ကြတာပဲ။ မှောင်ခိုဈေးကွက် ဖန်တီးချင်တဲ့ သူတွေလည်းပါတယ်။ တကယ်လိုအပ်ချက် ရှိသူတွေလည်းပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေးရဲ့ အခုဆင်းမ်ကတ်တွေကလည်း အရင်ထက် ဘာမှထူးမခြားနားပါပဲ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဝန်ဆောင်မှုမျိုးကို သူတို့ဆီကရဖို့ သုံးစွဲသူတွေက ဘယ်လောက်ရင်းနှီးရဦးမှာလဲ" ဟု ပုဂ္ဂလိကဘဏ် လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသားတစ်ဦးက ဆိုသည်။

MPT အနေဖြင့် ယခုနှစ်အတွင်း ၎င်းတို့၏ဆင်းမ်ကတ် အသစ်များကို အရေအတွက် ငါးသန်းအထိ ရောင်းချသွားမည် ဖြစ်သော်လည်း ယခုလ ၁ ရက်မှ စတင်ရောင်းချနေသည့် WCDMA ဆင်းမ်ကတ်များနှင့် ယခင်ဆင်းမ်ကတ် များ၏ မိုဘိုင်းအင်တာနက် တပ်ဆင်ခများကိုမူ ဖြေလျှော့ပေးခြင်း မရှိသေးသည့်အပြင် အင်တာနက် အသုံးပြုခများကိုလည်း ပြင်ဆင် သတ်မှတ်ပေးခြင်း မရှိသေးပေ။
“Ooredoo ဆိုရင် မိုဘိုင်းအင်တာနက် ဖွင့်လိုက်လည်း အချက်အလက်တွေ သုံးမှပိုက်ဆံကုန်မှာ။
Ooredoo ရဲ့မိုဘိုင်းအင်တာနက် နှုန်းထားတွေကလည်း ပြောစရာမရှိအောင် သင့်တင့်တယ်လို့ မဆိုချင်ပါဘူး။ ဒါပေမဲ့ MPT အနေနဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အပြိုင်လုပ်ပြီဆိုရင် အနည်းဆုံးတော့ မိုဘိုင်းအင်တာနက်ကို 3G ခလုတ် ဖွင့်လိုက်တာနဲ့ အင်တာနက်သုံးလို့ ရရ၊ မရရ ပိုက်ဆံအဖြတ် ခံနေရတာတွေကို မရှိအောင်လုပ်ပေး သင့်နေပြီ" ဟု မန္တလေးမြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ ကျောင်းသူတစ်ဦးက ဆိုသည်။

MPT သည် ယခုလက်ရှိတွင် တာဝါတိုင်များ အဆင်သင့်ရှိနေပြီး ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့်လည်း ပူးပေါင်းထားမှုကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူအများစုက အခြားဆက်သွယ်ရေး ကုမ္ပဏီများထက် မျှော်လင့်ချက်များ ရှိနေသေးသော်လည်း ယခုလက်ရှိအချိန်အထိ  အများပြည်သူ စိတ်ဝင်စားမည့် ဝန်ဆောင်မှုမျိုးကို ပေးနိုင်ခြင်း မရှိသေးဟု အထက်ပါ မိုဘိုင်းဖုန်း သုံးစွဲသူများက ဆိုကြသည်။

credit to -ယုဇနကိုကို

0 comments:

Post a Comment